ယင်းမာပင်မြို့နယ်ရှိ စည်သူသစ်ကွင်း အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ သြဂုတ် ၃၀
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ စည်သူသစ်ကွင်း အနီး တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးကာ သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း KLG PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းမှ ပြည်သူပိုင် သစ်များကို မတရားခိုးထုတ်နေသည့် အကြမ်းဖက် စစ်တပ်၏ အင်အား ၃၅ ဦးပါ ရှေ့ပြေး ကင်းထောက်အဖွဲ့က ပြည်သူပိုင် နေအိမ်များမှ ပစ္စည်းများကို ခိုးထုတ်နေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲသည် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးကာ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ULF (တပ်ပေါင်းစု) ဘက် မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ MA 11 ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည်ကာ ၂ ခု၊ လက်ကိုင်ဖုန်း ၃ လုံး၊ ဘေးလွယ်အိတ် ၁ လုံး၊ ပိုက်ဆံလက်ကိုင်အိတ် ၁ ခု၊ မြန်မာကျပ်ငွေတချို့ ၊ထိုင်းဘတ် 50 နှင့် ခိုးရာပါ ရွှေထည်ပစ္စည်း တချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ULF(တပ်ပေါင်းစု) မှ
စစ်ကြောင်းမှူး ဗိုလ်နိုင်မင်းဦးဆောင်ပြီး Comrade စစ်ကြောင်း၊ KLG စစ်ကြောင်း ၊Alpha စစ်ကြောင်း
နှင့်အတူ ဒေသမဟာမိတ်တပ်ဖွဲများဖြစ်သည့်
B 21 PDF (တပ်ရင်း ၁၇) ၊ PDA (တပ်ရင်း ၃၅)၊
ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့၊ ချင်းတွင်း GZ နှင့် သေမင်းတမန် LPDF တိုမှ ပူးတွဲ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် သြဂုတ်လ ၂၈ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်၊ သံဘိုကျေးရွာ၌ ကွမ်းရွက်ခူးနေသည့် အမျိုးသမီးပြည်သူ ၁ ဦးကိုလည်း အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း KLG PDF တပ်ဖွဲ့ထံမှ သိရသည်။