ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းနှင့် ကျေးရွာတစ်ရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး
ရန်ကုန်၊ သြဂုတ် ၃၁
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းနှင့် ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။
သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဖက်ခြမ်းရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သည့် စစ်ရှောင်စခန်းကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ် ၂ စီးဖြင့် ဗုံး ၉ လုံးခန့် ကျဲချခဲ့ရာ စာသင်ကျောင်းအနီး ရှိနေသည့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိကာ စာသင်ကျောင်းနှင့် နေအိမ်တဲ တချို့ ထိခိုက် ပျက်ဆီးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ နံနက် အစောပိုင်း ၄ နာရီကျော်ခန့်ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ၃ ကြိမ်ခန့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိဘဲ နေအိမ် အဆောက်အဦးတချို့ ထိခိုက်ပျက်ဆီး ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သော နေရာများသည် အရပ်သားပြည်သူများ ပုံမှန်နေထိုင်သော ကျေးရွာ နှင့် တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသော အရပ်သား စစ်ဘေးရှောင်များ နေထိုင်သည့် နေရာများသာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ပြည်သူများကို ရန်သူသဖွယ် ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများ ပေါ်ပေါ်ထင်ထင် ကျူးလွန်လုပ်ဆောင်လျှက်ရှိကြောင်း KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

