ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းနေသည့် စစ်တပ်က ပြည်သူ ၆ ဦးကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်
ရန်ကုန်၊ စက်တင်ဘာ ၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၆ ဦးကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ရွှေဘိုမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
သြဂုတ်လ ၂၀ ရက်နေ့တွင် ရွှေဘိုမြို့ထဲမှ ပြည်သူ ၄ ဦးကို အကြောင်းမဲ့ ဓားစာခံအဖြစ် ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်လာသည့် အကြမ်းဖက် စစ်တပ်က ချီပါရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသ ကာကွယ်ရေး စခန်းငယ်တစ်ခုကို စီးနင်းခဲ့ကြောင်း ၊ အဆိုပါ စစ်တပ် စစ်ကြောင်းသည် ချီပါရွာကို ဝင်ရောက်စဥ်၌ ကျေးရွာအတွင်းမှ ပြည်သူ ၁ ဦးကို အကြောင်းမဲ့ သေနတ်ဖြင့် ပေါင်ကို ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချီပါရွာရှိ ပြည်သူပိုင် ပစ္စည်းများကို မွှေနှောက်ခိုးယူ ဖျက်ဆီးပြီးနောက် ချီပါကျေးရွာမှ ရွှေဘိုမြို့ထဲကို ပြန်လည်ဆုတ်ခွာချိန်တွင် ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်လာသူများထဲမှ ပြည်သူ ၃ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ၁ ဦးကို ခေါင်းဖြတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အလားတူ ဩဂုတ်လ ၃၁ ရက်နေ့တွင် ဝက်လက်မြို့နယ် အုန္နဲဘုတ်ကျေးရွာမှ ရွှေဘိုမြို့နယ် ဘုံးဘွဲ့ကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဘုံးဘွဲ့ကျေးရွာတွင် ညအိပ်ပြီး စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘို-မန္တလေးလမ်းအတိုင်း ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကာ ရုပ်အလောင်းကို လမ်းဘေးတစ်နေရာ၌ ပစ်ထားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘုံးဘွဲ့ရွာအနောက်ဘက်တွင်လည်း ဘုံးဘွဲ့ရွာသား ၁ ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ကာ နှောပင်ရွာကိုလည်း ပစ်ခတ် စီးနင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူနှင့် တော်လှန်ရေး ရဲဘော်များကို ခွဲခြားခြင်းမရှိဘဲ ရမ်းသမ်းပစ်ခတ် သတ်ဖြတ်ခြင်း၊ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး၍ ပစ္စည်းများကို ခိုးယူခြိမ်းခြောက်ရန်ရှာခြင်းတို့ ပြုလုပ်နေသည့်အတွက် စစ်တပ် စစ်ကြောင်းများနှင့် နီးကပ်သည့် ရွာများမှ ပြည်သူများအနေဖြင့် နယ်မြေရှိ ဒေသ တော်လှန်ရေးအဖွဲ့အစည်းများ သို့မဟုတ် မြို့နယ်တာဝန်ရှိသူများ၏ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ချက်သတင်းများ၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာပံ့ပိုးကူညီအားဖြည့်ပေးကြပါရန် ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
Photo Crd – ရွှေဘိုမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့


