ပြည်သူများကို သတ်ဖြတ်နေသည့် မြန်မာစစ်ကောင်စီကို အကြမ်းဖက် အဖွဲ့အစည်း အဖြစ် အာဆီယံလူထုဖိုရမ် ACSC/APF 2023 က တရားဝင်ကြေညာ
ရန်ကုန်၊ စက်တင်ဘာ ၄
မြန်မာနိုင်ငံတွင် ပြည်သူများကို သတ်ဖြတ်နေသည့် မြန်မာစစ်ကောင်စီကို အကြမ်းဖက် အဖွဲ့အစည်း အဖြစ် အာဆီယံလူထုဖိုရမ် ACSC/APF 2023 က ယမန်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။
မြန်မာပြည်သူများနှင့်အတူရပ်တည်သည့် သွေးစည်းညီညွတ်ရေး လှုပ်ရှားမှု ခေါင်းစဉ်ဖြင့် အာဆီယံ လူထုဖိုရမ် ၂၀၂၃ ကို အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့ပြီး ဘရူနိုင်းဒါရုစလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ တီမောလက်စတီနှင့် ဗီယက်နမ်တို့မှ အရှေ့တောင်အာရှပြည်သူများက စစ်အာဏာရှင်များ၏ ဖိနှိပ်မှုကို တွန်းလှန်နေသော မတူကွဲပြားသော မြန်မာလူမျိုးများနှင့် ပြတ်ပြတ်သားသား စည်းလုံးညီညွတ်စွာ ရပ်တည်ကြောင်း၊ နိုင်ငံတော်ကို သိမ်းပိုက်ရန် မြန်မာစစ်တပ်၏ ရက်ပေါင်း ၉၄၅ ရက်ကြာ ရက်စက်ကြမ်းကြုတ်သော ကြိုးပမ်း မှုမှာ မအောင်မြင်သေးကြောင်း အာဆီယံဖိုရမ်က ထုတ်ပြန်ကြေညာသည်။
မြန်မာပြည်သူများက ကိုယ့်ရပ်ရွာကို ခုခံကာကွယ်စည်းရုံးပြီး လမ်းပေါ်ထွက် ဆန္ဒပြကြပြီး စစ်မှန်တဲ့ နိုင်ငံရေး အပြောင်းအလဲအတွက် ဆော်သြနေကြကြောင်း၊ မြန်မာပြည်သူများ၏ ရုန်းကန်မှုသည် အာဆီယံဒေသဖြစ်သော အရှေ့တောင်အာရှ ဒေသတစ်ခုလုံးအတွက် လှုံ့ဆော်မှု မီးရှူးတန်ဆောင်တစ်ခုဖြစ်ကြောင်း၊ မြန်မာပြည်သူများသည် နိုင်ငံလုံးဆိုင်ရာ ဒစ်ဂျစ်တယ် စောင့်ကြည့်ခြင်း၊ အင်တာနက် ပိတ်ခြင်း၊ လိင်အခြေခံ အကြမ်းဖက်မှု၊ အတင်းအဓမ္မ ပျောက်ဆုံးမှု၊ လေကြောင်း ဗုံးကျဲမှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ခေါင်းဖြတ်မှု၊ တရားလက်လွတ် ဖမ်းဆီးမှု၊ နှိပ်စက်မှုတွေနဲ့ အကျဥ်းထောင်အတွင်း ကြိုးပေးကွပ်မျက်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရကြောင်း ဖိုရိမ်က ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုအပေါ် ကန့်ကွက်မှုများကြောင့် အမျိုးသမီး ၆၀၂ ဦး အသတ်ခံခဲ့ရပြီး အရပ်သား တက်ကြွလှုပ်ရှားသူ ၄၀၂၉ ဦး အသတ်ခံခဲ့ရကြောင်း ၊ အဆိုပါ သတ်ဖြတ်ခံရမှုအပေါ် အာဆီယံလူထုဖိုရမ်အနေဖြင့် ဒေါသဖြစ်ရကြောင်း အာဆီယံလူထုဖိုရမ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာစစ်တပ်ကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ကျူးလွန်နေသည့်အတွက် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသည့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ကြောင်း၊ လွတ်လပ်မှုနှင့် တရားမျှတမှုတို့အတွက် တိုက်ပွဲတွင် အဆုံးစွန်သော စွန့်လွှတ်အနစ်နာခံ ပေးဆပ်ခဲ့ကြသော မရေမတွက်နိုင်သော အာဇာနည်များကို လေးလေးနက်နက် ဂုဏ်ပြုလိုကြောင်း၊ အာဆီယံ လူထုဖိုရမ်၏ စုပေါင်းကြွေးကြော်သံကို ဂရုပြုရန် အာဆီယံခေါင်းဆောင်များနှင့် အာဏာကိုင်စွဲထားသူအားလုံး တိုက်တွန်းလို ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
အာဆီယံ လူထုဖိုရမ်က စစ်အစိုးရ၏ တရားဝင်မှုကို ဖြတ်တောက်ခြင်း-မြန်မာစစ်အစိုးရနှင့် ငွေကြေးအရဖြစ်စေ၊ နိုင်ငံရေးအရ မဆက်ဆံရန်၊ စစ်တပ်၏တရားမ၀င် ရွေးကောက်ပွဲအစီအစဉ်ကို ပယ်ချရန်၊ စစ်အစိုးရ၏ လက်နက်နှင့် ငွေသားစီးဆင်းမှုကို ဖြတ်တောက်ရန်၊ မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် လေကြောင်းလောင်စာဆီ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ဆို့အရေးယူရန် တောင်းဆိုသည်။
မြန်မာစစ်တပ်အတွက် တတိယနှင့် ပဉ္စမအကြီးဆုံး လက်နက်များ တင်သွင်းသူအဖြစ် စစ်အစိုးရ၏ ရာဇ၀တ်မှုများနှင့် ဆက်စပ်နေသော စင်ကာပူနှင့် ထိုင်းနိုင်ငံတို့၏ လုပ်ရပ်များကို ရပ်တန့်ရန်၊ ထိုင်းနိုင်ငံမှ PTT Group မှ ရရှိသောငွေ၏ ထက်ဝက်နီးပါးသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှတဆင့် မြန်မာစစ်ဘက်ဆိုင်ရာ ဘတ်ဂျက်သို့ ရောက်ရှိသွားသောကြောင့် မြန်မာတပ်ကို ဘဏ္ဍာငွေ ထောက်ပံ့နေကြောင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်နေသော မြန်မာစစ်တပ်သည် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေမှုကို ဖြတ်တောက်ရန်၊ စစ်ရာဇ၀တ်မှုများအတွက် စစ်ဗိုလ်ချုပ်များကို တာဝန်ခံခိုင်းရန် ၊ မြန်မာနိုင်ငံ အကျပ်အတည်းကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် အရပ်ဘက်အဖွဲ့အစည်းများမှ အဆိုပြုထားသည့် အချက်ငါးချက်ကို လိုက်နာဆောင်ရွက်ရန် ဖိုရမ်က ဆက်လက်တောင်းဆိုသည်။
ထို့ပြင် မြန်မာ့တော်လှန်ရေးကို ထောက်ခံရန်၊ NUG (National Unity Government)၊ National Unity Consultative Council (NUCC)၊ ERO (Ethnic Revolutionary Organization) နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ အပါအဝင် တရားဝင် သက်ဆိုင်သူများနှင့် တရားဝင် ဆက်ဆံရေးကို ထူထောင်ရန် ၊တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစိုးရနှင့် EROs (တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ) တို့ ပူးပေါင်း၍ ဒေသတွင်း အဖွဲ့အစည်းများမှတဆင့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ချက်ချင်း ပံ့ပိုးပေးရန် အာဆီယံလူထုဖိုရမ်က တောင်းဆိုထားသည်။