အာဆီယံဥက္ကဋ္ဌ၏ နိုင်ငံရေး အရေခြုံထားသော စီးပွားရေးအကျိုးမျှော် လုပ်ဆောင်မှုများ
ရန်ကုန်၊ စက်တင်ဘာ ၅
အင်ဒိုနီးရှားဟာ လက်ရှိအာဆီယံ ဥက္ကဌရာထူး ကိုင်စွဲနေချိန်အတွင်း မြန်မာ စစ်အုပ်စုကို ပွပေါက်ဖြစ်စေမဲ့ နိုင်ငံ အခြေခံအဆောက်အဦးကဏ္ဍနဲ့ သတ္တုကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့ အခွင့်အလမ်းတွေ ရှာဖွေနေတာကြောင့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားနေတယ် ဆိုတဲ့ ၄င်းရဲ့ လုပ်ရပ်တွေဟာ နိုငိငံရေး အရေခြုံ ကိုယ်ကျိုးစီးပွားဆန်တဲ့ လုပ်ရပ်တွေ လို့ စွပ်စွဲတာကို ခံနေရပြီ ဖြစ်ပါတယ်။
သမ္မတ ဂျိုကို ဝီဒိုဒို ကတော့ ယနေ့ အင်ဒိုနီးရှားနိုင်ငံ မြို့တော်မှာ စတင်ကျင်းပမယ့် နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး နောက်ထပ် အစီအမံတွေ ချမှတ်နိုင်ဖို့အတွက် အာဆီယံခေါင်းဆောင်တွေကို သဘောတူဖို့ စည်းရုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Retno Marsudi ကလည်း အာဆီယံအဖွဲ့ဝင် ဝန်ကြီးတွေကို “မြန်မာနိုင်ငံမှာ ငြိမ်းချမ်းပြီး ရေရှည်တည်တန့်တဲ့ အဖြေတစ်ခု ရရှိနိုင်ဖို့ လုပ်စရာ အိမ်စာတွေ ရှိနေဆဲ ဖြစ်တယ်” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီနဲ့ နီးစပ်သူ အများအပြားပါဝင်တဲ့ မြန်မာလုပ်ငန်းရှင်ကြီးတွေဟာ အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးရဲ့ ထောက်ပံ့မှုနဲ့ ကျင်းပတဲ့ အင်ဒိုနီးရှား-မြန်မာ စီးပွားရေးဆိုင်ရာ အစည်းအဝေးကို တက်ရောက်ဖို့ ဂျကာတာမြို့ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်၊
အာဆီယံ စီးပွားရေးအကြံပေးကောင်စီ (ASEAN BAC)အကြီးအကဲနဲ့ အင်ဒိုနီးရှားရဲ့ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ Arsjad Rasjid က သဘာပတိအဖြစ်နဲ့ ကျင်းပပြီး စစ်ကောင်စီ ထိမ်းချုပ်ခံ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အဖွဲ့ဝင်များ တက်ရောက်မယ့် အဆိုပါအစည်းအဝေးဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ ဒေါသကို နိုးဆွသလို ဖြစ်စေခဲ့ပါတယ်။ .
မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ဓာတ်သတ္တုကဏ္ဍနဲ့ လက်ရှိ တရုတ်ကုမ္ပဏီတွေက လက်ဝါးကြီးအုပ်ထားတဲ့ မြေရှားသတ္တု( Rare Earth) ကဏ္ဍတွေကို အဓိကထား ဆွေးနွေးမယ်လို့ မျှော်လင့်ရတဲ့ အဆိုပါ အစည်းအဝေးကို မြန်မာ့အရေး တက်ကြွလှုပ်ရှားနေတဲ့ Justice for Myanmar (JFM) အဖွဲ့က ရှုတ်ချခဲ့ပါတယ်။
မြန်မာ့ပြည်သူတွေရဲ့ ဒီမိုကရေစီတိုက်ပွဲကို တိုက်ရိုက်ထိခိုက်စေတဲ့ စစ်အုပ်စုနဲ့ အပေါင်းအပါ ခရိုနီတွေနဲ့ ပူပေါင်းပြီး စီးပွားရေး လုပ်ကိုင်နေတာတွေကို အဆုံးသတ်ဖို့ အာဆီယံစီးပွားရေး အကြံပေးကောင်စီကို တိုက်တွန်းလိုတယ် လို့လည်း JFM က ဆိုပါတယ်။”
“UMFCCI ဟာ တရားမ၀င် စစ်ကောင်စီကို အဓိက ထောက်ပံပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး အကြီးတန်းဘုတ်အဖွဲ့ဝင်တွေဟာ စစ်တပ် စီးပွားရေး လုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ ချိတ်ဆက်နေပါတယ်” လို့ JFM ရဲ့ ပြောခွင့်ရ မရတနာမောင်က ပြောကြားခဲ့ပါတယ်။
“အင်ဒိုနီးရှား ခေါင်းဆောင်မှုအောက်မှာ အာဆီယံစီးပွားရေး အကြံပေးကောင်စီဟာ စစ်အုပ်စုရဲ့ လက်ကိုင်ဒုတ် ခရိုနီတွေနဲ့ လက်တွဲဖို့ ရွေးချယ်ခဲ့ပြီး၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုနဲ့ တရားဝင် အမျိုးသားညီညွတ်ရေး အစိုးရရဲ့ မူဝါဒတွေကို ထိခိုက်ပျက်ပြားစေခဲ့တယ် လို့လည်း သူမက ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ MEC နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် တွေကတဆင့် တိုင်းပြည်စီးပွားရေးရဲ့ အရေးပါတဲ့ ကဏ္ဍတွေကို ထိန်းချုပ်ထားပါတယ်။
ဒီစစ်တပ်ကုမ္ပဏီ နှစ်ခုစလုံးနဲ့ သူတို့တွေနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးသမားအများအပြားဟာ ယခုအခါ အမေရိကန်၊ သြစတြေးလျ၊ အီးယူနဲ့ ကနေဒါ အပါအဝင် အနောက်နိုင်ငံတွေရဲ့ ဒါဇင်နဲ့ချီတဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုအရေးယူမှုတွေဟာ စစ်တပ်ရဲ့ ဝင်ငွေရပေါက်ရလမ်းတွေကို တစ်စတစ်စ ပိတ်ဆို့နိုင်ဖို့နဲ့ အဲဒီကတဆင့် စစ်အုပ်စုကို နိုင်ငံရေး စားပွဲသို့ တွန်းပို့နိုငိဖို့ ခြေလှမ်းတွေ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
မြန်မာ့အကျပ်အတည်း အဆုံးသတ်ရေး အတွက် Five Point Consensus လို့ခေါ်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ကို စစ်ကောင်စီက လျစ်လျူရှုထားတာကြောင့်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ စစ်ကောင်စီခေါင်းဆောင်တွေနဲ့ ဝန်ကြီးတွေကို အာဆီယံ ထိပ်တန်းအစည်းအဝေးတွေကနေ ထုတ်ဖယ်ထားပါတယ်။
ဒါပေမဲ့ မကြာသေးတဲ့ အချိန်တွင်းမှာတော့ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေအတွက် အကျိုးမျှော်ပြီး ၄င်းတာဝန်ယူထားတဲ့ အာဆီယံ စီးပွားရေးအကြံပေးကောင်စီ (ASEAN BAC) ကတစ်ဆင့် တက်ကြွစွာပဲ ကမ်းလှမ်းဖိတ်ခေါ်လာခဲ့ပါတယ်။
အင်ဒိုနီးရှားရဲ့ ၂၀၂၂ G20 စီးပွားရေး ထိပ်သီးအစည်းအဝေး ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့တဲ့ Mr Rasjid ဟာ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ပေါင်းစပ်လျှပ်စစ်ကား လုပ်ငန်းတွေ မြှင့်တင်နိုင်ဖို့ဆိုပြီး ပြီးခဲ့တဲ့မေလအတွင်း အာဆီယံ စီးပွားရေးအကြံပေးကောင်စီ (ASEAN BAC) ရဲ့ ခရီးစဉ်တခုအနေနဲ့ မြန်မာပြည်ကို သွားရောက်ခဲ့ပါတယ်။ သူဟာ ဒီခရီးစဥ်အပါအဝင် ယခုနှစ်အတွင်း မြန်မာနိုင်ငံကို ကြိမ်ဖန်များစွာ သွားရောက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။။
မေလအတွင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့စဥ်အတွင်း Rasjid က “နိုင်ငံတွင်းရှိ အရေးပါတဲ့ ဓာတ်သတ္တုများ ပေါကြွယ်ဝမှုဟာ အာဆီယံတွင်း ဆိုလာပြား၊ လီသီယမ်ဘက်ထရီနဲ့ လျှပ်စစ်မော်တော်ယာဥ် လုပ်ငန်းများ အပါအဝင် အမျိုးမျိုးသော စက်မှုလုပ်ငန်း ကြီးထွားမှုတွေအတွက် အရေးကြီးပါတယ်” လို့ စစ်ကောင်စီရဲ့အာဘော် မြန်မာ့အလင်း သတင်းစာကို ပြောကြားခဲ့ပါတယ်။
အမည်မဖော်လိုသူ မြန်မာနိုင်ငံအခြေစိုက် သြစတြေးလျ စီးပွားရေး လုပ်ငန်းရှင်ဟောင်းတစ်ဦးကတော့ ယခုသီတင်းပတ်အတွင်း ဂျကာတာကို လာရောက်လည်ပတ်ခဲ့တဲ့ ဘယ်စီးပွားရေးကိုယ်စားလှယ်အဖွဲ့မှ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ ခံရပုံမပေါ်ပေမယ့်၊ ဒီလုပ်ရပ်ဟာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ၎င်း (အင်ဒိုနီးရှား) ရဲ့ အခန်းကဏ္ဍနှင့် ကွဲလွဲနေပြီး မြန်မာအကျပ်အတည်းကို အဆုံးသတ်ဖို့ ၎င်းရဲ့ ကြိုးပမ်းအားထုတ်မှု တွေကိုလည်း ပျက်ပြားစေတယ် လို့ ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှား ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အခုကျင်းပမယ့် စီးပွားရေး စားပွဲဝိုင်းဆွေးနွေးပွဲမှာ ၎င်းတို့ရဲ့ ပါဝင်မှုကို ကာကွယ် ပြောကြားရာမှာတော့ မြန်မာနိုင်ငံအတွံင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ဖို့ ကတိကဝတ်တွေ ပြုထားကြပေမယ့် အာဆီယံ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးနဲ့ အာဆီယံ စီးပွားရေးအကြံပေးကောင်စီ (ASEAN BAC) ရဲ့ ရည်ရွယ်ချက်ဟာ ဒေသတွင်း တိုးတက်မှု အလားအလာတွေ တိုးတက်စေဖို့အတွက် စီးပွားရေး လုပ်ငန်းတွေအပေါ် ယုံကြည်မှု ရှိလာစေဖို့ ဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်။
“ဒီလိုလုပ်ဆောင်ရာမှာ ဘယ်တဦးတယောက်ကိုမှ နောက်ကျမကျန်ရစ် စေဖို့အတွက် အားလုံးပါဝင်ရေးဟာ ဦးစားပေးဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ အခြားအာဆီယံနိုင်ငံတွေရဲ့ ပြည်သူများကဲ့သို့ သူတို့ရဲ့ ဘဝတွေ တိုးတက်လာကို မြင်တွေ့ထိုက်ပါတယ်။ ဒေသတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေကို ချိတ်ဆက်ခြင်းဖြင့် ABIS ဟာ အာဆီယံရဲ့ စားနပ်ရိက္ခာ ဖူလုံရေးနှင့် ကျန်းမာရေး ကဏ္ဍတွေမှာ ကြံ့ကြံ့ခံနိုင်မှု ကဲ့သို့သော အဓိကလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ရည်မှန်းထားပါတယ်” လို့လည်း ၄င်းက ဆက်ပြောခဲ့ပါတယ်
လက်ရှိမှာတော့ မြန်မာ့သတ္တုကဏ္ဍဟာ စစ်အုပ်စုအတွက် အဓိက ဝင်ငွေအရင်းအမြစ် တစ်ခုဖြစ်ပြီး၊ လက်ရှိအတိုက်အခံ တော်လှန်ရေးအုပ်စုများရဲ့ ကြံ့ကြံ့ခံ တော်လှန်မှုတွေကြောင့် ကြေးနီနဲ့ ကျောက်စိမ်းကဲ့သို့သော သယံဇာတတွေဆီက ၀င်ငွေတွေ ကျဆင်းလာခဲ့ပေမယ့်၊ မြေရှားသတ္တု တူးဖော်ရောင်းချမှုတွေကတော့ တရုတ်နိုင်ငံနဲ့ ၄င်းနဲ့ထိစပ် နယ်စပ်ဒေသတွေမှာ အကြီးအကျယ် မြင့်တက်လာပါတယ်။
မြေရှားသတ္တု တူးဖော်မှုမှ ရရှိလာတဲ့ ဝင်ငွေတွေကို စစ်တပ်က အရပ်သားများအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေမှာ အလွဲသုံးစားပြုနေမှုတွေ ရှိနေတယ်လို့ Global Witness ကဲ့သို့သော အရပ်ဘက်အဖွဲ့ အစည်းတွေက သတိပေးချက်တွေ ထုတ်ပြန်ထားပေမယ့် တရုတ်နိုင်ငံကတော့ မြေရှားသတ္တုရရှိနေတဲ့ အဓိကလမ်းကြောင်းအဖြစ် မြန်မာနိုင်ငံအပေါ် မှီခိုအားထားနေတယ်လို့လည်း ဝေဖန်ပြောဆိုမှုတွေ မြင့်တင်နေပါတယ်။
မူရင်း သတင်းရင်းမြစ် – The Australian