သံတောင်ကြီးတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း Than Daung Mupoe အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တောင်ငူ- သံတောင်လမ်းပိုင်းရှိ ပျားစခန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး နှင့် အသက် ၅၂ နှစ် အရွယ် ပြည်သူ ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
“၈နာရီဝန်းကျင်မှာ ပစ်ခတ်သံတွ ဖြစ်ပွားပြီး ၇ မိုင် စစ်တပ် စခန်းကနေ လက်နက်ကြီးတွေ လှမ်းပစ်တာ တောင်ငူ-သံတောင် လမ်းပိုင်းမှာရှိတဲ့ ပျားစခန်းရွာထဲ ကျလို့ အသက် ၉ နှစ်ကလေးငယ် ၁ ဦးနဲ့ အသက် ၅၂ လူကြီး ၁ ဦးသေဆုံးတယ်။ ၂ ဦး ဒဏ်ရာရရှိတယ်။ စိုးရိမ်စရာတော့ မရှိဘူး” Than Daung Mupoe အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယင်းသို့ ပစ်ခတ်ပြီးနောက် အကြမ်းဖက် စစ်တပ်၏ ၄ မိုင်၊ ၇ မိုင်ရှိ ဂိတ်စခန်းများတွင် စစ်ဆေးရေး တင်းကြပ်ထားပြီး ဒေသ ပြည်သူများ အနေဖြင့် သတိထား သွားလာကြရန် Than Daung Mupoe အဖွဲ့က ထုတ်ပြန်ထားသည်။