မူဆယ်နှင့် ကွတ်ခိုင် တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်က ကျေးရွာများကို လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံး
ရန်ကုန် ၊စက်တင်ဘာ ၅
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်က ကျေးရွာများကို လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂၇ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့ထိ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုများကြောင့် ပြည်သူ ၃ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်ကြောင့် ပြည်သူ့ နေအိမ််၊ ဘုန်းကြီးကျောင်းနှင့် မူကြိုကျောင်းအပါအဝင် အဆောက်အအုံ ၅ လုံးထက် မနည်း မီးလောင်ပြာကျခဲ့ရကြောင်းလည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဩဂုတ်လ ၂၇ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် မန္တလေး-မူဆယ်လမ်းမကြီးဘေး နမ့်အွမ် ကျေးရွာအနီးတွင် လှုပ်ရှားနေသော TNLA တပ်ဖွဲ့ဝင်များကို မူဆယ် ၁၀၅ မိုင်အခြေစိုက် အမြောက်တပ်မှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲများဖြစ်ပွားကြောင်း၊ စစ်တပ်နှင့် TNLA တပ်ဖွဲ့တို့သည် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာ၊ နမ့်အွမ် ကျေးရွာနှင့် မူဆယ်မြို့ရှိ စယ်လန့်ကျေးရွာအုပ်စုအတွင်းတွင် တိုက်ပွဲများ ဆကလက် ဖြစ်ပွားခဲ့ရာမှ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် နမ့်အွမ်ကျေးရွာအတွင်းသို့ကျရောက်ကာ KBC ဘုရား ကျောင်းနှင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ထို့ပြင် သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၁နာရီခန့်မှစတင်ကာ မူဆယ်မြို့ ၁၀၅ မိုင်အခြေစိုက်အမြောက်တပ်နှင့် စယ်လန့် ကျေးရွာမှာ ၁ ကီလိုမီတာအကွာမှ ဆုတောင်းတောင်ပေါ်တွင်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်သည် TNLA တပ်ဖွဲ့ ဝင်များ အခြေချနေထိုင်သော စယ်လန့်ကျေးရွာ လွယ်တေးမိန်းတောင်ပေါ်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ရာ ညပိုင်းတွင် လွယ်တေးမိန်းတောင်ပေါ်ရှိ ဘုန်းကြီးကျောင်းကို လက်နက်ကြီးထိမှန်ခဲ့ပြီး မီးလောင်ပြာကျခဲ့ကြောင်း၊ သြဂုတ်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း လွယ်တေးမိန်းတောင်နှင့် စယ်လန့်ကျေးရွာ အတွင်းသို့ လေကြောင်းမှ တစ်ဆင့် သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စယ်လန့်ကျေးရွာအတွင်း ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၀ အမျိုးသားတစ်ဦးတို့ လည်ပင်းနှင့်ပေါင်တွင်တို့တွင် အသီးသီးဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထံမှ သိရှိရသည်။
သြဂုတ်လ ၂၉ ရက်နေ့ညပိုင်းတွင်လည်း စယ်လန့်ကျေးရွာ အတွင်းသို့ TNLA တပ်သားများ ဝင်ရောက်လာခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်မှ ကျေးရွာအတွင်းသို့လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ ညနေပိုင်းတွင် စယ်လန့်ကျေးရွာ မူကြိုကျောင်းအတွင်းသို့ လက်နက်ကြီးကျရောက်ခဲ့ပြီး မီးလောင်ခဲ့ကြောင်း၊ ည ၈နာရီဝန်းကျင်တွင် စစ်တပ်ပစ်တခတ်သည့် လက်နက်ကြီးသည် စယ်လန့်ကျေးရွာအုပ်စု ဖိုင်ကျောင်းရွာအတွင်းသို့ ကျရောက်ခဲ့ကာ နေအိမ် ၂လုံး၊ ကားတစ် စီး၊ လယ်ထွန်စက်တစ်စီး လုံးဝမီးလောင်ပြာကျခဲ့ပြီး၊နေအိမ် ၄လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
တိုက်ပွဲများကြောင့် စယ်လန့်ကျေးရွာအုပ်စု ဖိုငိမောဝ်ရွာ နှင့် ဖိုင်ကျောင်းရွာ၊ နမ့်ကတ်ကျေးရွာအုပ်စု မန်ကန်ရွာ၊ နမ့်ကတ်ရွာ၊ နမ့်ဟုတ်ရွာများမှ ဒေသခံပြည်သူ ၂၀၀၀ ခန့်သည် မူဆယ်မြို့ စွမ်စော်ရပ်ကွက်၊ ဟိုနားရပ်ကွပ် ခန်းမ နှင့် နမ့်ခမ်းမြို့ တုန်ခွမ်ရွာ ဘုန်းကြီးကျောင်းတို့တွင် ထွက်ပြေးတိမ်းရှောင်နေရသည်။
“ပြည်သူတွေက တစ်ထောင်ကနေ နှစ်ထောင်ကြား ပြေးနေရပါတယ်။ နမ့်ခမ်း၊ မူဆယ်နေရာအနှံ့ခွဲရှောင်ထားရပါတယ်ရှင့်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
သြဂုတ်လ ၂၉ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်တပ်သည် နမ့်အွမ်ကျေးရွာ အနောက်ဘက်တောင်များအတွင်းရှိ KIA တပ်စခန်းများကို စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး ၁၀၅ မိုင် အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နမ့်အွမ်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ခဲ့ပြီး နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း၊ သြဂုတ်လ ၃၀ ရက် နံနက်ပိုင်းတွင်လည်း TNLA တပ်ဖွဲ့မှ နမ့်ဖတ်ကာအခြေစိုက် ခလရ ၁၂၃ တပ်ကို သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ရာ နမ့်ဖတ်ကာကျေးရွာအတွင်းရှိ နေရာ ၃ နေရာသို့ လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ် ၇တန်းကျောင်းသူတစ်ဦး သေဆုံးကာ ၁၉နှစ်အရွယ် အမျိုးသားတစ်ဦး၊အသက် ၁၃ နှစ်အရွယ်ကလေးနှစ်ဦး စုစုပေါင်း ၃ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှထံမှ သိရှိရသည်။
ထို့ပြင် စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲ ဝန်းကျင်တွင် နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီ ခလရ ၁၂၃ မှ တိုက်ပွဲမရှိဘ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာကျေးရွာ ဇီးသဘန်းရပ်အတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ အသက် ၃၇ နှစ်အရွယ် ဦးဘောက်လာ ပွဲချင်းပြီးသေဆုံးပြီး အသက် ၅၈ နှစ်အရွယ် ဦးဇော်ထုန်လဒွဲမှာ ဆေးရုံသို့အသွားလမ်းတွင် သေဆုံးခဲ့ကြောင်း၊ အမျိုးသမီးနှစ်ဦးလည်း လက်နက်ကြီး ထိမှန်ခဲ့ပြီး လားရိူးဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည် ။
ကျေးရွာများအတွင်း လက်နက်ကိုင်များ ဝင်ရောက်နေထိုင်နေသည့်အတွက် ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် နေ့စဉ် လက်နက်ကြီးများနှင့် တိုက်ပွဲ မရှိဘဲ စစ်တပ်မှ အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ လေယာဉ်များပျံဝဲခြင်းများ လုပ်ဆောင်နေ၍ ပြည်သူများမှာ စိုးရိမ်ထိတ်လန့်မှုများနှင့် ကြုံတွေ့နေရကာ စားနပ်ရိက္ခာ လိုအပ်ချက်များလည်း ရှိနေကြာင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထံမှ သိရှရသည်။
“အဓိကကတော့ ကျေးရွာထဲမှာလည်း လက်နက်ကိုင်တွေက နေအိမ်ထဲဝင်နေတယ်။ စစ်ကောင်စီဘက်ကနေလည်း နေ့စဥ်တိုက်ပွဲရှိရှိမရှိရှိလက်နက်ကြီးနဲ့ပစ်တယ်။ လေယာဥ်တွေလာဝဲတယ် ။ အဲ့ဒီမှာပြည်သူတွေက ကြောက်လန့်နေရတယ်။ လုံခြုံမှုမရှိဘူးပေါ့နော်။ ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေအတွက်လည်း စားနပ်ရိက္ခာတွေလိုအပ်နေတယ်ရှင့်။ လေယာဉ်က အခုထိပဲ ညတိုင်း လေယာဉ်လာတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။