ကနီမြို့နယ်ကို ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Monywa Underground Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ကနီမြို့နယ်ကို ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ဖလပ်ခွန် ၃ စီးနဲ့ စစ်သင်္ဘော ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“အထက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘော ၁ စီးက ရေစကြိုဘက်ကနေ နမခ ဆိပ်ကမ်းကို ကမ်းကပ်ပြီး ၁၁ ရက်နေ့ မွန်းလွဲပိုင်းမှာ ဖလပ်ခွန် ၃ စီးနဲ့ စစ်သင်္ဘော ၁ စီး ၊ ကနီအထက်ကို ဆန်တက်လာလို့ ကျွန်တော်တို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့ပါတယ်။ သူတို့က အထက်ကို စားနပ်ရိက္ခာပို့ဖို့ လာတာ ကျွန်တော်တို့လည်း သတင်းက ကြိုမရတာကြောင့် အခုလိုအပြန်လည်ပစ်ခတ်ခဲ့တာပါ” ဟု Monywa Underground Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Monywa Underground Guerrilla Force (M.U.G.F)နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်များ ထိခိုက်မှုရှိပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
