26 C
Yangon

ပြည်သူ့အိတ်ကပ်ထဲက ချွေးနှဲစာကိုပင် ဓားပြတိုက်ယူနေသော အကြမ်းဖက် စစ်အာဏာရှင်

Must read

ပြည်သူ့အိတ်ကပ်ထဲက ချွေးနှဲစာကိုပင် ဓားပြတိုက်ယူနေသော အကြမ်းဖက် စစ်အာဏာရှင်

By လမ်းသစ်

မြန်မာပြည်သူတွေဟာ ကိုယ့်ကိုကိုယ် အစိုးရလို့ ခေါင်းစဉ်တပ်ထားတဲ့ အကြမ်းဖက်သမားတွေ လက်အောက်မှာ နေ့စဉ်ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။ အလုပ်အကိုင်တွေက မကောင်းရတဲ့အထဲ ကုန်ဈေးနှုန်းက အစစအရာရာ မြင့်တက်နေတာကြောင့် ဝင်ငွေနဲ့ ထွက်ငွေဟာ ပြောင်းပြန်အချိုးကျနေပါတယ်။

ဒီကောင်တွေ လက်အောက်မှာ မနေချင်ဘူး၊ မိသားစု စားဝတ်နေရေးက အဆင်မပြေဘူးဆိုပြီး နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ ကြိုးစားသူတွေလည်း အုံလိုက်ကျင်းလိုက် ရှိနေပါတယ်။ ဒီလို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဆီကလည်း အကြမ်းဖက်စစ်ကောင်စီက အနုနည်းနဲ့ ဓားပြတိုက်ဖို့ ကြိုးစားခဲ့ပြန်ပါတယ်။

နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်မယ့် မြန်မာအလုပ်သမားတွေအနေနဲ့ လစဉ်ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီက သတ်မှတ်ပေးထားတဲ့ ဘဏ်တွေကတစ်ဆင့် ပြည်တွင်းကို ပြန်လွှဲရမယ်ဆိုပြီး စက်တင်ဘာ ၁ရက်နေ့မှာ ညွှန်ကြားချက် ထွက်လာခဲ့ပါတယ်။

လစဉ် ဒါမှမဟုတ် အများဆုံး ၃လ တစ်ကြိမ်ပေါင်းပြီး လွှဲရမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပြီး မလိုက်နာရင် ပြည်ပထွက်ခွာခွင့် ၃နှစ် အပိတ်ခံရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

လက်တွေ့မှာ စစ်ကောင်စီက သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းနဲ့ ပြင်ပပေါက်ဈေးက ကွာဟချက် ကြီးမားနေတာကြောင့် မြန်မာအလုပ်သမားတွေ အခက်တွေ့စေမယ့် အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။

ပြည်ပမှာ အလုပ်သွားလုပ်မယ့်လူက သတ်မှတ်ထားတဲ့ဘဏ်မှာ မိသားစုဝင်တစ်ယောက်ရဲ့ နာမည်နဲ့ အကောင့်ဖွင့်ပြီး တရားဝင်ဘဏ်စနစ်ကနေပဲ လစာရဲ့ ၂၅ရာခိုင်နှုန်းကို မဖြစ်မနေ လွှဲရမယ်လို့ ပြောထားပါသေးတယ်။

ဒါဟာ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ကျော်လွန်နေတာကြောင့် ပြည်ပရောက် မြန်မာလုပ်သားတွေ မလိုက်နာကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာထားသလို ဖိအားပေးသူတွေကို အရေးယူမယ်လို့လည်း ပြောထားပါတယ်။

မြန်မာပြည်သူတွေကို အာဏာသိမ်း စစ်ကောင်စီက ကန့်သတ်ဖိနှိပ်မှုများစွာ လုပ်နေတာဟာ သူတို့ကိုယ်တိုင် အကြပ်ရိုက်နေတယ်ဆိုတာကို ထင်ထင်ရှားရှား ပြသနေတာပဲ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေကို စစ်ရေးအရ နှိပ်ကွပ်နိုင်ဖို့ ငွေအင်အား အမြောက်အမြား သုံးစွဲနေရတဲ့ စစ်အုပ်စုဟာ တိုင်းပြည်ဘဏ္ဍာအားလုံးကို ခိုးယူသုံးစွဲနေရတာနဲ့တင် မလုံလောက်တော့ဘဲ ပြည်သူတွေရဲ့ အိတ်ကပ်ထဲကနေ ရသလောက် လှမ်းနှိုက်နေတာပါ။

အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုဒဏ်တွေကြောင့် ဒေါ်လာရှားပါးလာတဲ့ စစ်အုပ်စုဟာ သူ့အိတ်ကပ်ကို ဖြည့်တင်းနိုင်ဖို့ တိုင်းပြည်ထဲမှာ နည်းလမ်းပေါင်းစုံနဲ့ လှန်လှောရှာဖွေနေပါတယ်။ ပြည်သူတွေလက်ထဲ ဒေါ်လာရှိမနေဖို့အတွက် ဥပဒေနဲ့ တင်းကြပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတစ်ယောက်ဟာ အများဆုံး ဒေါ်လာ တစ်သောင်းကို ၆လသာ ကိုင်ဆောင်ခွင့်ရှိတယ်ဆိုပဲ။

နိုင်ငံခြားငွေ ရောင်းဝယ်မှုကို တရားဝင် လုပ်ငန်းလိုင်စင်ရှိသူတွေပဲ လုပ်ကိုင်ခွင့်ရမယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ ဒေါ်လာဈေး ကစားတယ်ဆိုပြီး စီးပွားရေးသမား အနည်းဆုံး အယောက် ၁ဝဝ လောက်ကို ဖမ်းဆီးစစ်ဆေးခဲ့တဲ့အပြင် သူတို့ကိုယ်တိုင် ခန့်ထားတဲ့ ဒေါ်လာဝယ်ယူခွင့် လိုင်စင် ထုတ်ပေးသူ ဗိုလ်ချုပ်ရန်နောင်စိုးကိုပါ ဖမ်းဆီးခဲ့ပါသေးတယ်။

မြန်မာနိုင်ငံကနေ ပြည်ပကို တင်ပို့ရောင်းချနေတဲ့ ပို့ကုန်သမားတွေဆီက ပို့ကုန်ရငွေရဲ့ ၅ဝ ရာခိုင်နှုန်းကို စစ်ကောင်စီထံ ပေးသွင်းစေပြီး ကျန်တဲ့ ၅ဝ ရာခိုင်နှုန်းကိုသာ လုပ်ငန်းရှင်တွေကို အသုံးပြုခွင့်ပေးထားတာ ဖြစ်ပါတယ်။ ပို့ကုန်ရငွေ မအပ်တဲ့ လုပ်ငန်းရှင်တွေကို ထောင် ၃၅နှစ်အထိ ချမှတ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

ကုန်ဈေးနှုန်းတွေကတက်နေရတဲ့အထဲ မထင်ရင် မထင်သလို ဖမ်းပြီး ထောင်ထဲထည့်နေတာကြောင့် စီးပွားရေးဈေးကွက် တော်တော်များများ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ရပ်တန့်နေကြပါတယ်။

ကုန်ဈေးနှုန်းတက်လာတိုင်း အဲ့ဒီနယ်ပယ်က စီးပွားရေးသမားတွေကို ဖမ်းဆီးတာဟာ စစ်အာဏာရှင်တွေရဲ့ မအောင်မြင်တဲ့ စီးပွားရေးဖြေရှင်းနည်း ဖြစ်နေပါတယ်။

နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တိုက်ပွဲတွေကလည်း စစ်ခေါင်းဆောင်တွေရဲ့ နေပြည်တော်ဌာနချုပ်ဆီ ဦးတည်ပြီး ထိုးစစ်ဆင်လာနေပြီမို့ အာဏာရှင်တွေမှာ ခေါင်းအေးအေးထား စဉ်းစားချိန်မရှိဘူး ဖြစ်နေပါတယ်။ မြေပြင်တိုက်ပွဲတွေကို အထောက်အပံ့ဖြစ်စေဖို့ အာဏာရှင်တွေရဲ့ ဝင်ငွေလမ်းကြောင်း ဖြတ်တောက်ရမယ်၊ တော်လှန်ရေးဘဏ္ဍာ ဖြည့်တင်းရမယ်ဆိုတဲ့ အသိကိုလည်း ပြည်သူတွေ ကောင်းကောင်းသဘောပေါက် နေပါတယ်။

ဒါကြောင့်ပဲ နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေ ရှိသလို ပြည်တွင်းမှာ စစ်တပ်ထုတ်ကုန်တွေကို မသုံးစွဲရေး သပိတ်မှောက်နေကြပါတယ်။ စစ်တပ်ပိုင် စီးကရက်နဲ့ ဘီယာ ကုန်ပစ္စည်း ၈မျိုးကို မရောင်းချရေး၊ မဝယ်ယူရေး လှုံ့ဆော်မှုတွေ ရှိနေတာပါ။

စစ်ကောင်စီကတော့ သူတို့ထုတ်ကုန်တွေကို ဆိုင်တွေမှာ တင်ပြီး ရောင်းရမယ်၊ မရောင်းရင် အရေးယူမယ်လို့ ခြိမ်းခြောက်နေပါတယ်။ တချို့ မြို့နယ်တွေမှာဆိုရင် မြန်မာဘီယာ မရောင်းတဲ့ဆိုင်တွေကို ဒဏ်ငွေ ၁ဝ သိန်းထက်မနည်း ပေးဆောင်ခိုင်းတယ်လို့ သိရပါတယ်။ သေနတ်သမားတွေ မားကတ်တင်း ဆင်းနေကြသလိုပါပဲ။

မင်းအောင်လှိုင်တို့ စစ်အုပ်စုကို ပြည်သူတွေက ဘယ်လောက်တောင် ပိုက်ဆံမပေးချင်သလဲဆိုရင် အာဏာသိမ်းပြီးကတည်းက အောင်ဘာလေထီ ထိုးတယ်ဆိုတာ မရှိတော့ပါဘူး။

ထီပေါက်တယ် ဆိုတဲ့အသံလည်း မကြားမိပါ။ ပိုက်ဆံလိုနေတဲ့ စစ်အုပ်စုက ပြည်သူတွေထီထိုးလာအောင် ဘာတွေဘယ်လိုလုပ်လုပ် ပြည်သူတွေ ထီမထိုးတော့တာပါ။

ဒါပေမယ့် စစ်ကောင်စီကတော့ ငွေကို ရတဲ့အပေါက်က နှိုက်ဖို့ ချောင်းနေတာပါ။ စစ်ကောင်စီ လက်အောက်ခံ ဌာနတွေက Non CDM ဝန်ထမ်းတွေ ထီထိုးနေရပါတယ်။ လစာရဲ့ ၁ဝ ရာခိုင်နှုန်းကို Mytel Pay နဲ့ ထီထိုးခိုင်းနေတာပဲ ဖြစ်ပါတယ်။

ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ ကုသပေးနေတဲ့ အထူးကုဆရာဝန်တွေဆီက ဝင်ငွေခွန် ၂ရာခိုင်နှုန်း ကောက်ခံဖို့ စစ်ကောင်စီက စီစဉ်နေပါတယ်။ စားသောက်ဆိုင်နဲ့ ဘားတွေမှာ ဖျော်ဖြေရေးအစီအစဉ်တွေ ထည့်သွင်းမယ်ဆိုရင် အခွန်ထပ်မံပေးဆောင်ရမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။ ကညနမှာ မော်တော်ယာဉ် မှတ်ပုံတင်ခ၊ ယာဉ်စစ်ဆေးခတွေလည်း ၃ဆအထိ မြှင့်တင်ဖို့ ပြင်ဆင်နေပါတယ်။

ပြန်ချုပ်ကြည့်ရရင်တော့ အာဏာသိမ်း စစ်အုပ်စုဟာ သူတို့ရဲ့ ဝင်ငွေရပေါက်ရလမ်း အားလုံးကို လိုက်နှိုက်နေတာ တွေ့ရပါတယ်။

ဘဏ္ဍာရေးတိုက်ပွဲမှာ သူတို့တွေ အထိနာနေတာ မဟုတ်ပါလား။ ချောင်ပိတ်နေတဲ့ ခွေးက ပြန်ကိုက်တတ်တာမို့ ပြည်သူတွေ အဲ့ဒီဒဏ်ကို အနည်းနဲ့အများတော့ ခံစားရဖို့ ရှိနေပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article