ချောင်းဦး၊ ကံကြီးကုန်းရွာမှ ပျူစောထီးများက သိုးကျောင်းသား ၁ ဦးကို ပစ်သတ်ပြီး သိုးကောင်ရေ ၁၄၀ ကို လုယက် ယူဆောင်
ရန်ကုန်၊ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာမှ ပျူစောထီးများက သိုး ကျောင်းသား ၁ ဦးကို ပစ်သတ်ပြီး သိုးအကောင် ၁၄၀ ကို လုယက်ယူ ဆောင် သွားကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် CRA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်အချိန် ကံကြီးကုန်း ပျူစောထီးရွာမှ ပျူစောထီး ၂၀ ကျော်က ကျေးရွာ အရှေ့ဘက်ကို ထွက်လာပြီး သိုးအုပ်၊ နွားအုပ်များကို ရိက္ခာ ချောဆွဲရန် သေနတ် ပစ်ဖောက်ပြီး ဖမ်းဆီးခဲ့ ကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီးစဥ် သိုးအကောင်ရေ ၁၄၀ ပါသော သိုးအုပ်နှင့် အတူ သိုး ကျောင်း သား ဇော်ဌေးကို ဖမ်းဆီးမိခဲ့ပြီး ကံကြီးကုန်း ကျေးရွာအနီးသို့ ခေါ်ဆောင်သွားကာ ဇော်ဌေးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။
ပျူစောထီးများက ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် သိုးကျောင်းသား ဇော်ဌေး၏ ရုပ်အလောင်းကို ပြန်လည် ရယူနိုင်ရန် တပ်ရင်း ၁၂ တပ်ခွဲ ၄ ၏ ဒရုန်း အကူ အညီ၊ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army (CRA) အဖွဲ့၊ ချောင်းဦးမြို့နယ် ပလဖ အဖွဲ့တို့ ပူးပေါင်းကာ သွားရောက် ကောက် ယူနိုင်ခဲ့ကြောင်း၊ သိုးကျောင်းသား ဦးဇော်ဌေး၏ နားထင်ကို ပျူစောထီး များက ပစ်ခတ် သတ်ဖြတ်ခဲ့သဖြင့် ဦးခေါင်းပွင့်ဒဏ်ရာရကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

