29 C
Yangon

စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းနေသော ကုမ္ပဏီများအနေဖြင့် ကျူး လွန်သော ရာဇဝတ်မှုအတွက်ပေးဆပ်ရမည်ဖြစ်ပြီး အမည်ပျက်စာရင်း ထပ်မံကြေညာမည့်ကုမ္ပဏီများရှိနေဟု NUG စီးပွားဆိုင်ရာထောက်လှမ်းရေးရုံး ပြော

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဉ်ဆီများတင်သွင်းနေသော CB ဘဏ်ဥက္ကဋ္ဌ ခင်မောင်အေးပိုင် Golden Myanmar Airlines ၊ KBZ ဘဏ်ဥက္ကဋ္ဌ အောင်ကိုဝင်းပိုင် Brighter Energy ကုမ္ပဏီနှင့် သိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူ ကုမ္ပဏီတို့ကို မတ်လ ၄ ရက်နေ့တွင် လည်းကောင်း၊ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထွန်းမြင့်နိုင်(ခ) စတီဗင်လောပိုင် Yangon Aerodrome Company ၊ ကြံ့ဖွတ်အမတ်ဟောင်း ဒေါက်တာဝင်းမြင့်ပိုင် မြတ်မေတ္တာမွန်ကုမ္ပဏီ၊ ရှယ်ယာရှင်များဖြစ်ကြသည့် ကြူကြူမြင့်၊ သရဖီလှမျိုး၊ ဝင်းကျော်ကျော်အောင်တို့ ပိုင်ဆိုင်သော Asia Sun Energy ကုမ္ပဏီတို့ကိုလည်းကောင်း NUG က အမည်ပျက်စာရင်း ကြေညာခဲ့သည်။

လက်ရှိအချိန်တွင် လေယာဉ်ဆီတင်သွင်း၍ အမည်ပျက်စာရင်း ကြေညာခံရသည့် ကုမ္ပဏီ ၆ ခုရှိနေပြီး ယင်းကုမ္ပဏီများသည် အကြမ်းဖက်စစ်ရာဇဝတ်မှုထောက်ခံအားပေး၍ စီးပွားရေးအရ ဆက်ဆံခြင်းမပြုကြရန် NUG စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရားဝင် အမိန့်ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ကုမ္ပဏီများဘက်ကမူ စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းမှုမရှိဟုတရားဝင် ထုတ်ပြန် ငြင်းဆိုကြသည်။

ကုမ္ပဏီ ၆ ခုကိ အမည်ပျက်စာရင်း ကြေညာမှုနှင့်ပတ်သက်ပြီး NUG အမျိုး သားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီးပွားဆိုင်ရာထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လေယာဉ်ဆီတင်သွင်းလို့ နာမည်ပျက်စာရင်းသွင်းတဲ့ ကုမ္ပဏီတွေကို ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ် စစ်ဆေးခဲ့တာလဲ။ သူတို့က တကယ်ရော လေယာဉ်ဆီ တင်သွင်းရဲ့လား။ လေယာဉ်ဆီတင်သွင်းမှု မလုပ်ဘူးဆိုပြီး ကြေညာချက်တွေ ထုတ်ပြန်ပြီး ငြင်းနေကြတယ်။

ဖြေ။ ။ ကျွန်မတို့ ထုတ်ပြန်ချက်ထဲမှာ လေယာဉ်ဆီတင်သွင်းရာမှာ ပါဝင်ကူညီလုပ်ဆောင်တဲ့ ကုမ္ပဏီများလို့ ဆိုထားပါတယ်။ ဒါက စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းပြီးရောင်းချပေးရုံ တခုတည်းလို့ ဆိုလိုတာ မဟုတ်ပါဘူး။

စစ်ကောင်စီအတွက် လေယာဉ်ဆီ ရရှိအောင် နည်းမျိုးစုံနဲ့ ကူညီပေးတဲ့သူတွေပါပါတယ်။ ဒီနေရာမှာ တိုက်ရိုက်ရော/သွယ်ဝိုက် ကူညီတာရောပါပါတယ်။ ဥပမာ- ဆီလှောင်ကန် ငှားပေးတာ၊ နိုင်ငံခြားကုမ္ပဏီကို ကြားခံဆက်သွယ်ပေးတာာ၊ စစ်ကောင်စီအစား ကုမ္ပဏီက နာမည်ခံပေးတာတွေ၊ ဆီသယ်ယူပို့ဆောင်ရေးကူညီတာ၊ ငွေကြေးပိုင်းဆိုင်ရာ ကူညီတာတွေပါပါတယ်။

ဒီအချက်တွေထဲက တခုမဟုတ်တခုကို တကြိမ်မက ဆောင်ရွက်ပေးခဲ့တဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။ နောက်ပြီးနယ်စပ်တွေက လေယာဉ်ဆီသွင်းတာတွေကို ကူညီပေးတာတွေလည်းပါတယ်။ ဒီကာလမှာ စစ်ကောင်စီက လေယာဉ်ဆီရအောင် နည်းလမ်းပေါင်းစုံနဲ့ကို ကြိုးစားနေကြတာ အားလုံးအသိဖြစ်ပါတယ်။ဒီထဲမှာ ပါဝင်ကူညီတာတဲ့သူတွေကို ဆိုလိုတာပါ။

နောက်တခု အာဏာလုစစ်ကောင်စီ ဆီကနေ လေယာဉ်ဆီတင်သွင်းခွင့် ရအောင်ကြိုးစားနေကုမ္ပဏီတွေလည်း ပါမယ်။

သူတို့က လက်ရှိ လေယာဉ်ဆီတရားဝင်တင်သွင်းခွင့်ရထားတဲ့ ကုမ္ပဏီတွေ မလုပ်နိုင်ရင်တော့ရင်တောင် အစားထိုးဖို့ အဆင့်သင့်စောင့်နေတာမျိုးလည်းရှိတယ်။ အစားထိုးဝင်ဖို့ လိုအပ်တဲ့ပြင်ဆင်မူတွေ အသင့်အနေထား လုပ်နေတာတွေလည်း သိရှိထားပါတယ်။

ဒီလိုကုမ္ပဏီတွေကိုလည်း လွှတ်ပေးလို့မရပါဘူး။ ဒါကြောင့်ဒီကုမ္ပဏီတွေကိုလည်း ကူညီနေတဲ့ သူအဖြစ်သတ်မှတ်ရပါတယ်။

မေး။ ။ ညွှန်ကြားရေးမှူးရုံးအနေနဲ့ ဒီအချက်အလက်တွေကို ဘယ်လို ကောက်ယူစစ်ဆေးခဲ့ပါသလဲ။

ဖြေ။ ။ လေယာဉ်ဆီတင်သွင်းတာ အခြားဆီတင်သွင်းတာတွေနဲ့ မတူပါဘူး။ ဒီလိုလုပ်နိုင်တဲ့ ကုမ္ပဏီက များများစားစားမရှိပါဘူး။ ဒီကုမ္ပဏီတွေကိုစောင့်ကြည့်ပြီး သတင်းအချက်အလက် ရှာဖွေတာမျိုးက အဓိက ကျပါတယ်။

နောက်ပြီး ဒီအကြောင်းတွေကို ဒီကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေ တိုင်ကြားလာတာမျိုးရှိပါတယ်။ ဝန်ထမ်းတွေကလည်း ပြည်သူပ။ အပြစ်မဲ့ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတာ သူတို့လည်း ဘယ်ကြည့်မြင်ရက်မလဲ။ ပြည်သူကို ဗုံးကြဲဖို့ လေယာဉ်ဆီက အဓိကဆိုတာ သူတို့သိပါပဲ။ ဒါကြောင့် သူတို့ကိုယ်တိုင် NUGကို တိုင်ကြားလာတာမျိုးရှိပါတယ်။

နောက်ပြီး အခြား နေရာက ရတဲ့ အချက်အလက်တွေ ရှိပါသေးတယ်။ ဒါကို အဆင့်ဆင့်ထောက်လှမ်း တည်းဖြတ်ခဲ့ပါတယ်။

မေး။ ။ လေယာဉ်ဆီအဓိကသွင်းပေးတဲ့ ကုမ္ပဏီက စင်ကာပူPUMAကုမ္ပဏီလို့သိရပါတယ်။ ဒါပေ့မယ် NUG ကကြေညာတဲ့အခါမှာ ာ ဒီနာမည်မပါဘဲ၊ ပြည်တွင်းက ကုမ္ပဏီတွေပဲ ပါတယ်။ ဘာဖြစ်လို့ PUMAကို လွှတ်ပေးထားရတာလဲ။

ဖြေ။ ။ ဒီထုတ်ပြန်ချက်က ပြည်တွင်းကုမ္ပဏီတွေအတွက်ကိုသာ ထုတ်ပြန်တာပါ။ ပြည်တွင်းကလူတွေ ဒီလို စစ်ရာဇဝတ်မူလုပ်ငန်းတွေနဲ့ မပတ်သတ်အောင် သတိပေးတာပါ။ ဒါကြောင့် PUMAနှင့်မိတ်ဖက်ဆောင်ရွက်တဲ့ ပြည်တွင်းကုမ္ပဏီကိုသာ အသိပေးထုတ်လိုက်တာလို့ ပြောချင်ပါတယ်။

ပြည်ပကုမ္ပဏီတွေကိုတော့ သက်ဆိုင်ရာနိုင်ငံ အစိုးရတွေနဲ့ အခြားမိတ်ဖက် အဖွဲ့အစည်းတွေပေါင်းပြီး စစ်ကောင်စီကို လေယာဉ်ဆီမရောင်းအောင် တားဆီးဖို့ လုပ်နေပါတယ်။

မေး။ ။ လေယာဉ်ဆီတင်သွင်းတာနဲ့ပတ်သတ်ပြီး ကုမ္ပဏီတွေက သူတို့ မလုပ်ဘူးဆိုတာ ငြင်းနေကြတယ်။ အဲဒီအပေါ်ရော ဘယ်လိုတုံ့ပြန်ချင်လဲ။

ဖြေ။ ။ ကျွန်မတို့က သူတို့ (ကုမ္ပဏီတွေ)ကို မေးချင်တာ စစ်ကောင်စီကို မကူညီပေးတာ သေချာသလား။

တစ်ခုပြောချင်တာ ပြည်တွင်းကုမ္ပဏီတွေ မသွင်းဘဲ လေယာဉ်ဆီက ပြည်တွင်းကို အလိုအလျောက်ရောက်လာတာမဟုတ်ဘူး။ သွင်းပေးတဲ့ကုမ္ပဏီရှိရမယ်။ ဘာကြောင့်လဲ ဆိုတော့ စစ်ကောင်စီက လေယာဉ်ဆီကို ပြည်တွင်းမှာ ထုတ်လို့မရသလို၊ ပြည်ပကလည်း သူတို့ဘာသာတိုက်ရိုက်တင်သွင်းလို့မရပါဘူး။ ဒါကြောင့် ကြားက သွင်းပေးတဲ့ ကုမ္ပဏီတစ်ခု ဒါမဟုတ် တခုထက်ပိုတဲ့ကုမ္ပဏီတွေလိုပါတယ်။

လေယာဉ်ဆီတင်သွင်းတဲ့ အချိန်မှာ ပင်လယ်ရပ်ခြားကသွင်းတာရှိတယ်။ နယ်စပ်က သွင်းပေးတာရှိတယ်။ နှစ်ခုလုံးပါဝင်ပတ်သက်နေကြတာ။ သာမန်အချိန်မှာဆိုရင် PUMA Energy ASIA Sun ကုမ္ပဏီတခုတည်းက စစ်တပ်ဘက်ကော၊ အရပ်ဘက်ကိုကော လေယာဉ်ဆီတင်သွင်းခွင့်ရထားတာပါ။ ဒါပေမဲ့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်တပ်က လေယာဉ်ဆီရရှိရေးကို နည်းမျိုးစုံနဲ့ကြိုးစားခဲ့တယ်။ ဒီထဲမှာ နယ်စပ်ကသွင်းတာလည်းပါတယ်။

အကြမ်းဖက်စစ်တပ် လေယာဉ်ဆီကို နယ်စပ်ကတင်သွင်းတဲ့ အခါမှာ ကုမ္ပဏီတွေက သယ်ဖို့ကားတွေငှားပေးတာရှိတယ်။ နောက်ပြီး နယ်စပ်က လေယာဉ်ဆီတင်သွင်းနိုင်အောင် ညှိနှိုင်းပေးတဲ့ကုမ္ပဏီတွေလည်းရှိပါတယ်။

သယ်တဲ့အချိန်မှာလည်း လေယာဉ်ဆီဆိုတဲ့ တံဆိပ်လည်းဖျောက်ထားတယ်။ ကားမှာရှိတဲ့ ကုမ္ပဏီတံဆိပ်တွေဖြုတ်ထားတွေလည်းရှိတယ်။ တချို့ကုမ္ပဏီဆို နိုင်ငံခြားကုမ္ပဏီကို စစ်တပ်ကိုယ်စား ကြားခံပွဲစားလုပ်ပြီးလိုက်ချိတ်ပေးတာရှိတယ်။ လုပ်ကြတာက မျိုးစုံရှိတယ်။

လေယာဉ်ဆီနဲ့ပတ်သက်ပြီး ကုမ္ပဏီတခုတည်းကို ထိုးချပြီး ကုမ္ပဏီတချို့က သူတို့မလုပ်ပါဘူးဆိုတဲ့ လမ်းကြောင်းကို ပုံဖော်နေတာလည်း သတိထားမိတယ်။ ဒီအတွက် သတင်းဌာန၊ ဆိုရှယ်မီဒီယာတွေကို အသုံးချနေတာကိုလည်း ကျွန်မတို့ သတင်းအချက်အလက်တွေရထားပါတယ်။

ကျွန်မတို့ပြောချင်တာက အဓိက တင်သွင်းပေးတဲ့ကုမ္ပဏီကို အရေးယူဖို့အရေးကြီးပါတယ်။ ဒါအပြင် အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေထဲက တခုခုနဲ့ ကူညီပေးတဲ့ ကုမ္ပဏီတွေကိုလည်း လွှတ်ထားပေးလို့မရပါဘူး။

စစ်ကောင်စီက လက်နက်ကိုင်အဖွဲ့အစည်းတခုကိုတောင် လေယာဉ်ဆီတင်သွင်းဖို့ အကူအညီတောင်းတယ်လို့သတင်း ဖတ်လိုက်ရပါတယ်။ ဒါက လေယာဉ်ဆီရရှိရေးက စစ်တပ်အတွက် အရေးကြီးတယ်ဆိုတာပြတာပဲ။

အခြား ရရှိတဲ့ အချက်အလက်တွေ ထပ်စိစစ်ဖို့ ဒီကုမ္ပဏီ ၆ခုလုံးကို ကျွန်မတို့ ခေါ်ယူစစ်ဆေးဖို့လည်း အစီ အစဉ်တွေရှိပါတယ်။

ဒါကြောင့် မလုပ်ပါဘူးလို့ ဖြေရှင်းချက်ထုတ်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့တွေ တကယ် မလုပ်ခဲ့ဘူးသေချာရင် အမျိုးသားညီညွတ်ရေးအစိုးရကို ပူးပေါင်းဆောင်ရွက်ပါ။

ဗုံးကြဲ ခံရတဲ့ ပြည်သူလူထုကိုယ်စား NUGက သူတို့ကို ကြားနားစစ်ဆေးပါ့မယ်။ NUGက တောင်းတဲ့ အချက် အလက်တွေပေးပါ။ မေးတဲ့မေးခွန်းတွေကိုဖြေပါ။ NUGက ရထားတဲ့ အချက်အလက်တွေကို မှားနေတယ်ဆိုရင် တိုက်ရိုက်ဖြေရှင်းပါ။

အပြင်မှာ လိုက်ဖြေရှင်းနေတာထက် ပြည်သူလူထုက လုပ်ကိုင်ခွင့်ပေးထားတဲ့ ပြည်သူ့အစိုးရဆီမှာ ဖြေရှင်းလိုက်ပါ။

အကယ်၍ သူတို့မလုပ်ခဲ့ကြောင်း သက်သေပြနိုင်ရင် NUGက ဒီနာမည်ပျက်စာရင်းထဲက ဖယ်ထုတ်ပေးဖို့ အချိန်မရွေးအဆင့်သင့်ပါပဲ။ ဒီနည်းလမ်းသာ တစ်ခုတည်းသော နည်းလမ်းလို့မြင်ပါတယ်။

မေး။ ။ အခု NUGကလေယာဉ်ဆီတင်သွင်းတယ်လို့ကြေညာထားတဲ့ကုမ္ပဏီတွေကို ဘာတွေဆက်လုပ်သွားဖို့ရှိပါသလဲ။

ဖြေ။ ။ ကျွန်မတို့ လေယာဉ်ဆီတင်သွင်းတဲ့ လုပ်ငန်းစဉ်နဲ့ပတ်သတ်ပြီး အနီးကပ်စောင့်ကြည့်နေပါတယ်။ ဘယ်ကုမ္ပဏီတွေက ရှေ့ဆက်တိုးမလဲ၊ ရပ်သွားမလဲဆိုတာ အနီးကပ်စောင့်ကြည့်နေပါတယ်။ သူတို့ဘာတွေ ကျူးလွန်နေလဲဆိုတာကို အနီးကပ်မှတ်တမ်းတင်ထားပါတယ်။ ဒီခေတ်က ၈၈ မဟုတ်တော့ပါဘူး၊ သတင်းနဲ့နည်းပညာခေတ်ပါ။ သတင်းအချက်အလက်ကို အချိန်မ ရွေး၊နေရာမရွေးရှာဖွေလို့ရပါတယ်။

ကုမ္ပဏီတွေအနေနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တနေ့မှာ ပြန်လည်ပေးဆပ်ရမှာပါ။ ဒါကသေချာတယ်၊ အဲဒီလိုအရေးယူဖို့လည်း ကြိုးစားနေပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article