ရန်ကုန်၊ မေ ၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုနေရာအနှံ့တွင် တိုက်ပွဲပြင်းထန် နေပြီး စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိမှန် ဒဏ်ရာရရှိထားကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မေလ ၄ ရက်နေ့ နံနက် ၃ နာရီခန့်မှစတင်၍ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ် တပ်က အင်အား ရာနှင့်ချီဖြန့်ခွဲ၍ စစ်ကြောင်းထိုးလာမှုကြောင့် KIA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ မေလ ၄ ရက်နံနက်ပိုင်းတွင် တိုက်ပွဲ ပိုမို ပြင်းထန်လာခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲပြင်းထန်ခြင်းနှင့်အတူ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဖားကန့်ဗျူဟာကုန်း၌ တပ်စွဲ ထားသော စစ်သားများက အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လုံးခင်းကျေးရွာအုပ်စု ၊ ကုဋေရွာ လမ်းဆုံ၌ ကျရောက်ပေါက်ကွဲသည့် လက်နက် ကြီး ကျည်စ ထိမှန်မှုကြောင့် အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိထားကြောင်း၊ ထို့အပြင် လယ် ပြင်ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့လည်း လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက် ကွဲခဲ့ရာ ကလေး ငယ်တစ်ဦးက ထိမှန် ဒဏ်ရာရရှိထားကြောင်း သိရသည်။
“မနေ့ည ကစပြီးတော့ တိုက်ပွဲဖြစ်လာတယ်၊ ဒီနေ့မနက်တာ့ တော်တော်ကိုပြင်းပြင်းထန်ထန်ဖြစ် တယ်၊ လုံးခင်းအုပ်စုနေရာစုံလို့ ပြောရမယ်။ တိုက်ပွဲအခြေအနေကတော့ မခန့်မှန်းနိုင်သေးဘူး။ အ ရပ်သားထိခိုက်မှုကတော့ လုံးခင်းအုပ်စု၊ ကုဋေရွာ လမ်းဆုံပေါ့၊ နတ်စင်နားမှာကျတဲ့ တစ်လုံးက အ ရပ်သားတစ်ဦးထိတယ်၊ ပြင်း ပြင်းထန်ထန် ဒဏ်ရာရတယ်။ ဒဏ်ရာရ အရိုးကပွင့်ပြီးကြေ သွားတာ၊ အဲဒီ ဒဏ်ရာရ အရိုးအထူးကု ဆရာဝန်နဲ့ ကုသရမယ့်ဟာ လောလောဆယ် ဆေးခန်းမှာပဲဖြစ်နေ တော့ မနိုင်ဘူးဖြစ်နေတယ်၊ ဆေးရုံကြီးတွေ၊ ပုဂ္ဂလိက ဆေးရုံကြီးတွေ သွားပို့ဖို့ကလည်း တိုက်ပွဲ ကြားထဲဆိုတော့ အရမ်း အခက်အခဲဖြစ်နေကြတာ၊ နောက်တစ်ခုက လုံးခင်းအုပ်စု၊ လယ်ပြင်က အိမ် တစ်အိမ်ပေါ် လက်နက် ကြီး ကျတယ်၊ အဲဒီမှာကလေးတစ်ဦးထိတယ်၊ ဒါပေမယ့် ဒဏ် ရာက မစိုးရိမ် ရဘူးလို့ သိရတယ်။ လောလောဆယ်တော့ ဒီနှစ်ဦးပဲ အတည်ပြုလို့ရတယ်။ ကျန်တဲ့အနေအထား တွေကတော့ မသိရသေးဘူး။ နောက်ပြီးတော့ မပေါက်ကွဲသေးတဲ့ မိုင်းတွေ၊လက်နက်ကြီးတွေလည်း ကျထားတာရှိတယ်။ တိုက်ပွဲက ပြင်းထန်နေဆဲဖြစ်ပြီးတော့ တချို့အချက်အလက်တွေက မသိရသေး ဘူး။” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့အပြင် လုံးခင်း-ဖားကန့်သွား အဓိက မိန်းလမ်းမကြီးဖြစ်သည့် မှော်စီစာ ကျေးရွာ Sky Hotel ရှေ့ တွင် လက်နက်ကြီး ၁ လုံး၊ အောင်သာယာကျေးရွာ အတက်လမ်းဆုံတွင် လက်နက်ကြီး ၁ လုံး ကျရောက်နေပြီး လက်နက်ကြီး ကျည်များ မပေါက်ကွဲသေးကြောင်း၊ ထို့ကြောင့် လုံးခင်းကျေး ရွာနေ ပြည်သူများမှာ စစ်ဘေးရှောင် နေကြရပြီး အချို့မှာလည်း ပိတ်နေကြောင်း သိရသည်။




