28 C
Yangon

မြန်မာစစ်တပ်က အပြောင်းအလဲလုပ်မည် မဟုတ်၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် မြန်မာ့အရေးကို ICC တရား ရုံး ကို လွှဲပြောင်းပေးရန် ကုလ လူ့အခွင့် အရေး မဟာမင်းကြီး တောင်းဆို

Must read

မြန်မာစစ်တပ်က အပြောင်းအလဲလုပ်မည် မဟုတ်၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် မြန်မာ့အရေးကို ICC တရား ရုံး ကို လွှဲပြောင်းပေးရန် ကုလ လူ့အခွင့် အရေး မဟာမင်းကြီး တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၇

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းထားသော အကြမ်းဖက် စစ်တပ်အနေဖြင့် အာဏာ အလွဲသုံးစားမှုကို ချက်ချင်း စွန့်လွှတ် အပြောင်းအလဲ လုပ်မည် မဟုတ်၍ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် မြန်မာ့အရေးကို အပြည် ပြည် ဆိုင်ရာ ရာဇဝတ် တရားရုံး ICC သို့ လွှဲပြောင်း‌ပေးရန် ကုလသမဂ္ဂ လူ့ အခွင့် အရေး ဆိုင်ရာ မဟာမင်းကြီး Volker Türk က တောင်းဆိုလိုက်သည်။

စက်တင်ဘာလ ၂၆ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာတွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၅၄ ကြိမ်မြောက် ညီလာခံတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အဖြစ်ဆိုးတွေ အဆုံးသတ်ဖို့ ချည်းကပ်မှု ပုံစံ အသစ် အရေးတကြီး လိုအပ်နေပါတယ်။ မြန်မာနိုင်ငံရှိပြည်သူတွေအနေနဲ့ နိုင်ငံ တကာအသိုက်အဝန်းရဲ့ အာရုံစိုက်မှုမခံရဘဲ ဒုက္ခတွေ ကာလရှည်ကြာစွာ ခံစားနေကြရပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ဆယ်စုနှစ်များစွာ ပြစ်မှု ကျူး လွန် မှုအတွက် အရေးယူခံရမှု ကင်းလွတ်နေတဲ့ သူရဲ့ အစဉ်အလာကို ချိုး ဖောက်မှမဟုတ်သလို အပြောင်းအလဲ လုပ်မယ်လို့လည်း ယုံကြည်စရာ အကြောင်း မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာ ရာဇ၀တ် တရားရုံးICC ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်း ဆိုပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် ရေးကို အထောက်အကူ ပြုတဲ့ အခြေအနေတွေ ပြန်လည်ထူထောင်ဖို့ နိုင်ငံ တကာ အသိုင်းအဝိုင်းမှာလည်း တာဝန်ရှိပါတယ်” ဟု ကုလသမဂ္ဂလူ့ အခွင့် အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ပြောဆိုသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က မြန်မာ့ အရေးအစီရင်ခံစာ ကို ၅၄ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံသို့ တင်ပြခဲ့ပြီးမြန်မာနိုင်ငံ အခြေအနေများကို အသေးစိတ် အစီရင်ခံခဲ့သည်။

မြန်မာစစ်တပ်အနေဖြင့် အာဏာကို စွန့်လွှတ်၍ အလျင်အမြန် ပြောင်းလဲမည့် အခြေအနေ မဖြစ်နိုင်သေး ကြောင်း၊ ထို့ကြောင့် အကြမ်းဖက်မှုများ အနာဂတ်တွင် ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့ပြင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က မြန်မာစစ်တပ်ကို အကြံပြုချက် ၅ ချက် တင်ပြခဲ့ပြီး ယင်း ၅ ချက်တွင်

၁- မြန်မာစစ်တပ်အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက် ၂၆၆၉ ကို ချက်ချင်းအကောင်အထည် ဖော်ရန်နှင့် အကြမ်းဖက်မှုများကို ရပ်တန့်ရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို တစ်နိုင်ငံလုံးသို့ ရောက်ရှိစေရေး ခွင့်ပြုပေးရန်။

၂- နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများက ကူညီရန်ရှိနေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ကန့်သတ်ချုပ်ခြယ်မှုမရှိဘဲ ပို့ဆောင်နိုင်ရေး ခွင့်ပြုပေးရန်

၃- မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပြန်သွားရေး အားလုံးပါဝင်သော ပွင့်လင်းမြင်သာမှုရှိသည့် နိုင်ငံရေးဖြစ်စဉ်များကို ထောက်ခံအားပေးရန်၊

၄-ရိုဟင်ဂျာ ဒုက္ခသည်များကို ထပ်မံ၍ ဒုက္ခမရောက်ရေး၊ အထူးသဖြင့် ရိုဟင်ဂျာများ၏ ဆန္ဒမပါဘဲ အတင်းအကျပ် နေရပ် ပြန်ခေါ်ခြင်းများ မလုပ်ဆောင်ရန်၊ ICJ ၏ ကြားဖြတ်အမိန့်နှင့်အညီ ရိုဟင်ဂျာများ၏ အခွင့်အရေး အပြည့်အ၀ ရရှိရေး ဆောင်ရွက်ပေးရန်

၅- မြန်မာစစ်တပ်အနေဖြင့် OHCEHR အဖွဲ့ကို ပြည်တွင်းသို့ ဝင်ထွက်ခွင့်ပြုပြီး လူ့အခွင့်အရေးအခြေအနေများကို စောင့်ကြည့်ခွင့်ပေးရန် တောင်းဆိုထားသည်။

မြန်မာ့အရေးနှင့်ပတ်သက် သက်ဆိုင်နေသူများအားလုံးသို့ အကြံပြု ၁၀ ချက်ပါဝင်ပြီး ယင်း ၁၀ ချက်တွင်

၁- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေများကို လေးစားလိုက်နာပြီး လူသားချင်းစာနာထောက်ထားမှု ဥပဒေအရ အရပ်သား ပြည်သူများကို ကာကွယ်ပေးကြရန်။

၂- နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများက ဆောင်ရွက်မည့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အချိန်မီ ရောက်ရှိစေရေး ခွင့်ပြုပေးကြရန်

၃- အရပ်သားလူထုအပေါ် ကျူးလွန်သော ပြစ်မှုများအတွက် သက်သေအထောက်အထားမျာ စုဆောင်းရာတွင် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ၊ ယန္တရာများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်

၄- အမျိုးသားညီညွတ်ရေးအစိုးရအ ပါအဝင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် အရပ်သားပြည်သူများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးရန်နှင့် ကျူးလွန်သူများကို တာဝန်ခံရေး ဆောင်ရွက်ပေးရန်

၅- ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေးကို ကိုင်တွယ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးကို လွှဲပြောင်းပေးရန်။

၆- မြန်မာနိုင်ငံတွင် ဆိုးဝါးလာသော အခြေအနေများကို ဆက်လက်စောင့်ကြည့် မှတ်တမ်းတင်ထားရန်။

၇- မြန်မာစစ်တပ်ကို လက်နက်၊ စစ်ဘက်သုံးပစ္စည်းများ၊ ခဲယမ်း၊ ယာဉ်များ၊ စစ်အသုံးအဆောင်များ ၊ လေယာဉ်ဆီများ၊ စစ်ဘက်အရပ်ဘက်သုံး ပစ္စည်းများ တိုက်ရိုက်သို့မဟုတ် သွယ်၀ိုက်၍ ထောက်ပံ့မှု မရှိစေရေး ဆောင်ရွက်ရန်

၈-ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ၊အခြားနေရာများရှိ ရိုဟင်ဂျာများအတွက် အစားအစာ၊ ဆေးဝါး၊ အမိုးအကာ၊ ပြန်လည်နေရာချထားရေး လုံလောက်စွာ ရရှိရေး ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသော ရိုဟင်ဂျာ ဒုက္ခသည်များကို ခိုလှုံခွင့်ပေးမှုများအတွက် ခိုင်မာသော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်

၉- နိုင်ငံတကာဥပဒေအရ လူ့အခွင့်အရေးချိုးဖောက်မှုများ မြန်မာစစ်တပ်က ကျူးလွန်နိုင်စေရန် ထောက်ပံ့ကူညီနေမှုများ မဖြစ်ပေါ်စေရေးနှင့် ရှောင်ကြည် နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ရန် တို့ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article