မလေးရှားပို့ဆောင်ပေးမည်ဟုဆိုကာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၄၂၆ ဦးထံမှ ငွေကျပ် သိန်းပေါင်း ၁၇၀၀၀ ကို သူရနိုင်အောင် ကုမ္ပဏီက လိမ်လည်၊ ရဲစခန်းက အမှုဖွင့်မပေးဘဲ မိုက်ကယ်ကျော်မြင့်က ကူညီသလိုလိုဖြင့် အလုပ်သမားများထံမှ ငွေကြေးတောင်းခံ မိုက်ကြေးခွဲပြန်
ရန်ကုန်၊ စက်တင်ဘာ ၂၇
မလေးရှားပို့ဆောင်ပေးမည်ဟုဆိုကာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၄၂၆ ဦးထံမှ ငွေကျပ် သိန်းပေါင်း ၁၇၀၀၀ ကို သူရနိုင်အောင် ကုမ္ပဏီက လိမ်လည်ခဲ့ပြီး လိမ်လည်ခံရသော ပြည်သူများက ရဲစခန်းတွင် အမှုဖွင့်ရန် ကြိုးစားသောအခါ အမှုဖွင့်မပေးဘဲ ရဲစခန်းက ငြင်းပယ်နေကြေင်း သိရှိရသည်။
မြောက်ဒဂုံတွင် ရုံးခွဲဖွင့်လှစ်ထားသော သူရနိုင်အောင်ကုမ္မဏီက မလေးရှားသွားရောက်လိုသည့် မြန်မာ အလုပ်သမား ၄၂၆ ဦးထံမှ မလေးရှားပို့ပေးမည်ဟုဆိုကာ ငွေကြေးများ တောင်းခံခဲ့ပြီး ကျပ်သိန်းပေါင်း ၁၇၀၀၀ ကျော် လိမ်လည်ထွက်ပြေးတိမ်ရှောင်သွားခဲ့ကြောင်း၊ မြန်မာအလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်စာအုပ်များကို ကုမ္မဏီဒါရိုက်တာ လှမျိုးအောင်က မိတ်ဆွေဖြစ်သူ မိုက်ကယ်ကျော်မြင့်ထံတွင်ပေးခဲ့ကြောင်း သိရှိရသည်။
မြန်မာအလုပ်သမား ၄၂၆ ဦးက ၎င်းတို့ထံမှ ငွေကျပ် သိန်းပေါင်း ၁၇၀၀၀ ကျော် လိမ်လည်သွားမှုအတွက် မြောက်ဒဂုံရဲစခန်းတွင် အမှုဖွင့်ရန် ကြိုးပမ်းခဲ့သော်လည်း မိုက်ကျယ်ကျော်မြင့် နှင့် ရဲတချို့ပူးပေါင်း၍ အမှုဖွင့်မရအောင် လုပ်ဆောင်ခဲ့ကြောင်း၊ မိုက်ကျယ်ကျော်မြင့်က နိုင်ငံကူးလက်မှတ် စာအုပ်များ ပြန်လည် လိုချင်ပါက နိုင်ငံကူးလက်မှတ် စာအုပ်တစ်အုပ်လျှင် ငွေကျပ် ၃ သိန်းဖြင့် ၎င်း၏ မင်္ဂလာဒုံရုံးခန်းတွင် လာရောက် ရွေးယူရန် ပြောဆိုခဲ့ကြောင်း၊ မိုက်ကျယ်ကျော်မြင့်က မြန်မာအလုပ်သမာများကို ကူညီသလိုလိုဖြင့် နိုင်ငံကူးလက်မှတ် စာအုပ်များ ပြန်လည်ရွေးယူရန် မိုက်ကြေးခွဲ ငွေညှစ်လာကြောင်း သိရှိရသည်။
” အလုပ်သမားတွေကို သူရနိုင်အောင် ငွေလိမ်တယ်။ ကုမ္ပဏီဒါရိုက်တာက မိုက်ကျယ်ကျော်မြင့်ကို နိုင်ငံကူးလက်မှတ်တွေ ပေးသွားတယ်။ အဲဒါကို မိုက်ကယ်ကျော်မြင့်က ကူညီသလိုလို လိုင်းပေါ်ကနေ အသံကောင်းဟစ်ပြီး ပတ်စပိုစ့်စာအုပ် တစ်အုပ်ကို ငွေ ၃ သိန်းနဲ့ လာယူခိုင်းတယ်။ အလိမ်ခံရသူတွေက မြောက်ဒဂုံရဲစခန်းမှာ အမှုဖွင့်ဖို့ လုပ်ကြပေမယ့် အမှုဖွင့်မပေးဘူး။ ရဲတွေက လက်ရှောင်နေကြတယ်။ အမူဖွင့်လို့မရတော့ အလုပ်သမားတွေက မိမိတို့ငွေကြေးများဆုံးရှုံးမယ့် အပြင် ပတ်စပို့စ် စာအုပ် တွေကို တစ်ဦးကို ငွေ ၃ သိန်းနဲ့ မိုက်ကယ်ကျော်မြင့်ဆီမှာ သွားရွေးရမယ့် သဘော ဖြစ်နေတယ်”ဟု အလုပ်သမားများကို ကူညီနေသူတစ်ဦးက ပြောဆိုသည်။