မန္တလေး နန်းတွင်းစစ်ကြောရေးတွင် အလွန်ရက်စက်သော စအိုကို တုတ်ဖြင့် ထိုး၍ သတ်ဖြတ်မှုများ ရှိခဲ့၊ ယခင်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးက ဥပဒေမဲ့ အရက်စက် ဆုံးသော နည်းလမ်းများ အသုံးပြု သတ်ဖြတ်ရန် ညွှန်ကြားခဲ့
ရန်ကုန်၊ အောက်တိုဘာ ၅
မန္တလေးမြို့၊ နန်းတွင်းတွင် စစ်ကြောရေးတွင် စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများကို စစ်တပ်က အလွန်ရက်စက်သော နည်းလမ်းများဖြင့် စစ်ကြော သတ်ဖြတ်မှုများ လုပ်ဆောင်နေရာ စအိုကို တုတ်ဖြင့် ထိုး၍ သတ်ဖြတ်မှုများ ရှိခဲ့ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သော စစ်ဘက်သတင်း ရင်းမြစ်များထံမှ သိရှိရသည်။
ယခင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူး ၊ လက်ရှိ အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး အဖြစ် ရာထူးတိုးမြှင့်ခံရသူ ကိုကိုဦးက ယင်းကဲ့သို့ ရက်စက်သော နည်းလမ်းများဖြင့် စစ်ကြောရေးတွင် အသုံးပြု သတင်းများ ဖော်ထုတ်ရန်၊ ဖြေဆိုရန် ငြင်းဆန်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ရန် ၊ လက်နက်ကိုင်ထားသည့် PDF ဆိုလျှင် အရှင်မထားဘဲ သတင်းအချက်အလက် များ မေးမြန်းပြီး သတ်ဖြတ်ရန် အမိန့်ပေးခဲ့ကြောင်း၊ ယင်းအမိန့်များ ကြောင့် မန္တလေး နန်းတွင်း စစ်ကြောရေးသည် အရက်စက်ဆုံးသော စစ်ကြောရေးစခန်း တစ်ခု ဖြစ်လာပြီး မုဒိမ်းကျင့်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းများ၊ ယခုနောက်ဆုံး စအိုကို တုတ်ဖြင့် ထိုး၍ သတ်ဖြတ်မှုများ ကျူးလွန်သည်အထိ ဖြစ်ပေါ်လာကြောင်း သိရှိရသည်။
” အမျိုးသမီး၊ အမျိုးသား ရယ်မခွဲခြားဘူး။ စအိုကို တုတ်နဲ့ ထိုးသတ်တာတွေပါ အသုံးပြု သတ်ဖြတ်မှု တချို့ရှိခဲ့ပါတယ်။ အနည်းဆုံး ၂ ဦးထက်မနည်း အဲဒီလို နည်းလမ်းနဲ့ သတ်ဖြတ်ခံရပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ မုဒိမ်းကျင့်မှု တွေလည်း ရှိပါတယ်။ တချို့ အမှုကိစ္စတွေမှာ အချုပ်သားနဲ့ ရာဇဝတ်သားတွေ ကို မုဒိမ်းကျင့်ခိုင်းတာ၊ စအိုကို အဓမ္မပြုကျင့်ခိုင်းတာတွေမှာ သုံးတယ်။ အင်မတန် ရက်စက်တဲ့ နည်းလမ်းတွေ အသုံးပြုပြီး စစ်ကြောတယ်။ အမည် မသိပေ မယ့် မနှစ်က ဩဂုတ်လလောက်မှာ စအိုထဲကို တုတ်နဲ့ထိုးသတ်ခံရသူ တစ်ဦးရှိခဲ့တယ်။ အဲဒီလိုတွေဖြစ်အောင် တိုင်းမှူး ရဲ့ အမိန့် ညွှန်ကြားချက်က အဓိကပဲ။ အရှင်မထားနဲ့ဆိုတာမျိုးတွေ တိုင်းမှူးက ညွှန်ကြားချက်ပေးခဲ့တယ်” ဟု မန္တလေး နန်းတွင် စစ်ကြောရေးနှင့် နီးစပ်သော စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
မန္တလေးတွင် စစ်ကြောရေးတွင် ရက်စက်စွာ သတ်ဖြတ်ခံရသူများ၏ ရုပ် အ လောင်း များ ကိုလည်း သက်ဆိုင်သော ကျန်ရစ်သူမိသားစုများထံ အသိ ပေး ခြင်း၊ အကြောင်းကြားခြင်း မရှိဘဲ အလောင်းဖျောက်ဖျက် သဂြိုလ်မှု အများအပြား ရှိခဲ့ကြောင်း သိရှိရသည်။