23 C
Yangon

ရန်ကုန်မြို့လယ်ခေါင်တွင်ပါ တပ်သားသစ်စုဆောင်းခြင်းနှင့် ပေါ်တာဆွဲခြင်းများ လုပ်ဆောင်လာ

Must read

ရန်ကုန်မြို့လယ်ခေါင်တွင်ပါ တပ်သားသစ်စုဆောင်းခြင်းနှင့် ပေါ်တာဆွဲခြင်းများ လုပ်ဆောင်လာ

ရန်ကုန်၊ အောက်တိုဘာ ၁၈

အကြမ်းဖက်စစ်ကောင်စီက စစ်တပ်တွင် အင်အားပြုန်းတီးနေခြင်းကြောင့် တပ်သားသစ်များကို ပုံစံမျိုးစုံဖြင့် စုဆောင်းလျက်ရှိရာ ရန်ကုန်မြို့လယ်ခေါင်တွင်ပါ တပ်သားသစ်စုဆောင်ခြင်းများနှင့် ပေါ်တာဆွဲခြင်းများ ရှိလာကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများနှင့် စစ်တပ်နှင့်နီးစပ်သော အသိုင်းအ၀ိုင်းများထံမှ သိရှိရသည်။

ဖေ့ဘုတ်စ် လူမှုကွန်ရက်များတွင် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်အကိုင်ရရှိမည်ဟု ကြော်ငြာများကို စစ်သားစုဆောင်းသူများက လိမ်လည် ကြော်ငြာလေ့ရှိပြီး လာရောက်စုံစမ်းသူများကို ရန်ကုန်မြို့တွင် အလုပ်လုပ်ရမည်ဖြစ်၍ လမ်းစရိတ်ပေးပို့ပြီး ရန်ကုန်မြို့သို့ ခေါ်ယူကြောင်း၊ ယင်းနောက် ရန်ကုန်မြို့လယ်ခေါင် မဟာဗန္ဓုလ ပန်းခြံတွင် ချိန်းဆို၍ ရောက်ရှိလာသောအခါမှ သင်တန်း ၆ လ တက်ပြီး စစ်သားအဖြစ် အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ မလုပ်ပါက ပေးပို့ထားသော လမ်းစရိတ် အပြင် လျှော်ကြေးပေးရမည်ဟုဆိုကာ အုပ်စုဖွဲ့ အနိုင်ကျင့် စစ်သားအဖြစ် စုဆောင်းမှုများရှိနေကြောင်း သိရှိရသည်။

“အဓိက ဖေ့ဘုတ်စ်ကနေ အလုပ်ကြော်ငြာတွေ တင်ပြီး ခေါ်တာ။ ရန်ကုန်မှာ အလုပ်လုပ်ရမယ်။ လစာက ၂ သိန်းခွဲ ကနေ အနည်းဆုံးပေးမယ်။ နေစားစရိတ် ငြိမ်းဆိုပြီး ခေါ်တာ။ နယ်က လူငယ်လေးတွေက မသိတော့ လာချင်တယ်ဆိုပြီး ဆက်သွယ်တယ်။ အဲဒါကို သူတို့ က လမ်းစရိတ်ပို့ပေးတယ်။ ပြီးရင် မြို့ထဲအထိခေါ်ပြီး အုပ်စုနဲ့ တပ်သားသစ်အဖြစ် စုဆောင်းတာ။ အဲဒီမှာ လူမိုက်တွေလည်းပါတယ်။ တကယ်လို့ မလိုက်ဘူးဆိုရင် လမ်းစရိတ်အပြင် လျှော်ကြေး ၃ ဆပေးရမယ်၊ ထိုးမယ် ကြိတ်မယ် ပုံစံမျိုးနဲ့ လုပ်တော့ တချို့လူငယ်တွေ တပ်သားသစ်အဖြစ် အစုဆောင်းခံရတယ်။ ဧရာ၀တီတိုင်း အိမ်မဲမြို့နယ်က မိတ်ဆွေရဲ့သားလေးလည်း အဲဒီလို တပ်သားသစ်အဖြစ် ခေါ်ခံရတာ။ ပြန်ထုတ်ဖို့လိုက်တော့ ကုန်ကျစရိတ် စုစုပေါင်း ၂၈ သိန်းနဲ့ ပြန်ရွေးရမယ်ဆိုလို့ မတတ်နိုင်တော့ အဲဒီအတိုင်းပဲ ထားလိုက်ရတယ်။ အသက်ကတော့ ပြည့်ပြီး ၂၀ ကျော်ပေါ့” ဟု ရန်ကုန်မြို့မှ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ရန်ကုန်ရှိ ရထားဂိတ်၊ကားဂိတ်၊ ကားမှတ်တိုင်တချို့တွင်လည်း မသိနားမလည်သော ဆယ်ကျော်သက် လူငယ်တချို့ကို အတင်းအကျပ် ခေါ်ဆောင်၍ ပေါ်တာဆွဲသည့်ပုံစံမျိုးဖြင့် တပ်သားသစ် စုဆောင်းမှုများလည်းရှိကြောင်း တပ်အသိုင်းအ၀ိုင်းတချို့ထံမှ သိရှိရသည်။

“တချို့ လူငယ်လေးတွေ မအူမလည်လေးတွေကို ကားပေါ်ဆွဲတင်ပြီး တပ်သားသစ် အဖြစ် လာပို့တာရှိတယ်။ အဲဒါ ခေါ်လာတဲ့သူတွေက ပွဲစားတွေပါ။ တပ်ထဲကတော့မဟုတ်ဘူး။ အပြင်မှာ စစ်သားရှာပေးတဲ့သူတွေ။ စစ်မှုထမ်းဟောင်းနဲ့ လက်ရဲဇက်ရဲ လုပ်တတ်တဲ့သူတွေက အဲဒီလို လုပ်ကြတာ။ ဆယ်ကျော်သက် လူငယ်တချို့ဆိုရင် အသက်မပြည့်သေးဘူး။ အဲဒါ ရဲစခန်းကနေ အမှုဖွင့်ပြီး လိုက်ရှာတော့မှ တပ်ထဲရောက်နေတာ။ အသက်မပြည့်သေးသူတွေတော့ ငွေနဲ့ လိုက်ရင် ပြန်ထုတ်ရတာ နည်းနည်းမြန်တယ်။ အသက်ပြည့်ပြီးသူတွေတော့ ပြန်ထုတ်ရတာခက်တယ်” ဟု သန်လျင်ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်းနှင့် နီးစပ်သော သတင်းရင်းမြစ်ကဆိုသည်။

လတ်တလော ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ တွံတေးမြို့နယ်များမှ လူငယ်များ၊ လှိုင်သာယာ၊ မင်္ဂလာဒုံနှင့်ရွှေပြည်သာ၊ ဒဂုံမြို့သစ်မြို့နယ်များမှ လူငယ်များကို စစ်သားသစ်အဖြစ် စုဆောင်း မှုများရှိနေပြီး ပုံစံမျိုးစုံဖြင့် လိမ်လည်ခေါ်ဆောင်၍ တပ်ထဲသို့ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်မြို့လယ်ခေါင်တွင် တပ်သားသစ်စုဆောင်းခံရသော နယ်မှ လူငယ်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article