ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်တပ်၏ ရေယာဥ်အုပ်စုကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား
ရန်ကုန်၊ အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် အကြား တစ်နေရာ၌ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက် စစ်တပ်၏ ရေယာဥ် အုပ်စုကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force -South Monywa တာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၂၁ ရက် မွန်းလွဲ ၁ နာရီ ခွဲခန့်က ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပျူစောထီးရွာမှ ချင်းတွင်း မြစ်ကြောင်းတိုင်း မုံရွာဘက်ကို ဆန်တက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၂၀၀ ခန့် စီးနင်းလိုက်ပါလာသည့် စစ်သင်္ဘော ၁ စီး နှင့် ရိက္ခာတင် ဖလက် ၁ စီး တို့ကို ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး အများအပြား ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။
“ဆန်တက်လာတဲ့ သင်္ဘောတွေကို တိုက်ခိုက်ခဲ့တာဗျ၊ ရိက္ခာတင် သင်္ဘောက ရှေ့ကနေသွားတာ၊ နောက် ကနေမှ စစ်သင်္ဘောက လိုက်လာတာဗျ၊ စစ်ခွေး သင်္ဘောကိုပဲ တိုက်ခိုက်ခဲ့တာ၊ ၁၈ ရက်နေ့က တိုက် ခိုက် ခဲ့တာက ထိခိုက်သေဆုံးမှု စုံစမ်းမရဘူး၊ ဒုတိယအကြိမ်ပဲ စစ်ခွေး ၈ ကောင်သေတာ အတည် ပြု နိုင်ခဲ့ပါတယ်” ဟု People’s Defence Force -South Monywa တာဝန်ခံ Daung Karyan က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ အောက်တိုဘာလ ၁၈ ရက်နေ့က မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ဆင်ဖြူရှင်တံတားမှ ဆန် တက်လာသော စစ်သင်္ဘော ၂ စီး၊ ရိက္ခာတင် ဖလက်ခွန် ၄ စီးကို မုံရွာမြို့နယ် နှင့် ဆားလင်းကြီးမြို့နယ်အကြား တစ်နေရာ၌ ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ စီးမြောက် စစ်သင်္ဘော၌ လိုက်ပါလာသော စစ်သားများကို ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ ၃ Royal Alliance – တော်ဝင်မဟာမိတ်တပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း ၅ A.S.F၊ Deathless Generation Monywa လက်နက်ကြီးတပ်ဖွဲ့၊ One Way Revolution Forceတို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။