ရေဖြူမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို ခြိမ်းခြောက်သော စာများ ရေးသားခဲ့
ရန်ကုန် ၊ အောင်တိုဘာ ၂၃
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မူးဒူးရွာရှိ နေအိမ်အများအပြားကို အကြမ်းဖက် စစ်တပ်က အောက်တိုဘာ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်မီးရှို့ခဲ့ပြီး နောက်တစ်ကြိမ်တွင် တစ်ရွာလုံး ပြာကျမည်ဟု ခြိမ်းခြောက်စာရေးသားခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် ရေဖြူမြို့အတွင်း အောက်တိုဘာ ၁၉ ရက်နေ့တွင် စစ်ကြောင်း သုံးကြောင်းခွဲ၍ ဝင်လာခြင်းဖြစ်ပြီး အဆိုပါ စစ်ကြောင်းများထဲမှ တစ်ကြောင်းသည် အောက်တိုဘာ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မူးဒူးအရှေ့ရွာရှိ နေအိမ် ၁၇ ဆောင်ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၊ အကြမ်းဖက်စစ်သားများသည် မူးဒူးရွာရှိ ပြည်သူများ၏ နေအိမ်နံရံများတွင် “အကြမ်းဖက်ထောက်ပံ့အားပေးများ ကြည့်ထား။ နောက်တခါ တရွာလုံးကိုပြာကျမယ်” ဆိုသည့် ခြိမ်းခြောက်စာများ ရေးသားထားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက်စစ်သားများ ပြန်ထွက်သွားခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။
“ထုသံရိုက်သံတွေကြားလို့ ကြည့်လိုက်မှ (စစ်ကောင်စီတပ်သားတွေ) အိမ်နားအထိရောက်နေပြီ။ ဘာမှကိုယူချိန်မရလိုက်ဘူး” ဟု မီးရှို့ခံရသည့် နေအိမ်ပိုင်ရှင် အမျိုးသမီးမှ ပြောကြားသည်။
မူးဒူးရွာသည် ထားဝယ် အထူးစီးပွားရေးဇုန်အနီးရှိ ကျေးရွာဖြစ်ပြီး အိမ်ထောင်စု ၄၈၀ ကျော်ရှိကာ လယ်ယာလုပ်ငန်း၊ ဥယျာဥ်ခြံလုပ်ငန်းနှင့် ငါးလုပ်ငန်းကိုအဓိကလုပ်ကိုင်သည့် ကျေးရွာဖြစ်ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် ဝပါ ကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က အောက်တိုဘာ ၂၁ ရက်နေ့တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး စပါးတိုက် ၄ လုံး၊ စပါးတင်းရေ ၈၀၀ ခန့်နှင့် မြေဆီ ၁၅ လုံး၊ နေအိမ် ၇ လုံး မီးလောင်ပြာကျကာ ပြည်သူများကို ခြိမ်းခြောက်သောစာများ ရေးသားခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝပါကျေးရွာကို ဒုတိယအကြိမ်မြောက် ဝင်ရောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်းကလည်း ဝင်ရောက်မီးရှို့ခဲ့ပြီး နေအိမ် ၆၇ အိမ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

