24 C
Yangon

မြန်မာစစ်တပ်အပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက် ရန် ပျက်ကွက်သမျှကာလပတ်လုံး ပြည်သူများ ပိုမိုသတ်ဖြတ်ခံနေရဖြစ်၍ ထိရောက်သော အရေး ယူမှု ချမှတ်ရန် တောင်းဆို

Must read

မြန်မာစစ်တပ်အပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက် ရန် ပျက်ကွက်သမျှကာလပတ်လုံး ပြည်သူများ ပိုမိုသတ်ဖြတ်ခံနေရဖြစ်၍ ထိရောက်သော အရေး ယူမှု ချမှတ်ရန် တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၂၄

အကြမ်းဖက် မြန်မာစစ်တပ်အပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက် ရန် ပျက်ကွက်သမျှကာလပတ်လုံး မြန်မာပြည်သူများ ပိုမိုသတ်ဖြတ်ခံနေရဖြစ်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိရောက်သော အရေးယူမှု ယခု ချမှတ်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းတောင်းဆိုလိုက်သည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးအခြေအနေများနှင့်စပ်လျဉ်း၍ ပေါင်းစပ်အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံများအားလုံးအနေဖြင့် မြန်မာပြည်သူပြည်သားများ၏ ဒီမိုကရေစီမျှော်မှန်းချက်များကို ရှေးရှုလျက် မြန်မာနိုင်ငံအရေးကိစ္စအပေါ် ဟန်ချက်ညီစွာ ထိတွေ့ဆက်ဆံရန်နှင့် ဆောင်ရွက်ချက်များချမှတ်ရန် တောင်းဆိုကြောင်း၊ နိုင်ငံတကာက မြန်မာ စစ်တပ်အပေါ် အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန် ပျက်ကွက်နေသည့် ကာလပတ်လုံး ပြည်သူများ၏ ဆင်းရဲဒုက္ခသည်လည်း ပိုမိုဆိုးရွားလာနေမည်ဖြစ်ပြီး ပြည်သူအများအပြား ပိုမိုသတ်ဖြတ်ခံ နေရမည်သာဖြစ်ကြောင်း၊ ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်မှုရှိသော အရေးယူဆောင်ရွက်ချက်များကို ယခုပင် ချမှတ်ရန်လိုအပ်ကြောင်း သံအမတ်ကြီးက တောင်းဆိုသည်။

၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ) တွင် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်လျက်ရှိသော လူ့အခွင့်အရေး အခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်သူများမှ စုပေါင်းရှင်းလင်းပြောကြား၍ အပြန်အလှန်ဆွေးနွေးမှု (Combined Briefing) တွင် Department of Political and Peacebuilding Affairs (DPPA) မှ Assistant Secretary-General for the Middle East, Asia and the Pacific Mr. Khaled KHIARI၊ Independent Investigative Mechanism on Myanmar အကြီးအကဲ Assistant Secretary-General Mr. Nicholas KOUMJIAN နှင့် Special Rapporteur on the situation of human rights in Myanmar Mr. Thomas H. ANDREWS တို့ (၃) ဦးက ၎င်းတို့၏ အစီရင်ခံစာများကို အသီးသီးဆွေးနွေး တင်ဆက်ခဲ့ကြကြောင်း၊ ထို့ပြင် နိုင်ငံအများအပြားမှ ကိုယ်စားလှယ်များလည်း ပါဝင်ဆွေးနွေးခဲ့ကြပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သက်ဆိုင်ရာနိုင်ငံ ကိုယ်စားပြုအဖြစ် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက လက်ရှိနိုင်ငံရေးအခြေအနေ၊ လူသားချင်း စာနာမှုအခြေအနေ၊ စစ်တပ်မှ ကျူးလွန်လျက်ရှိသည့် ကြီးလေးသော နိုင်ငံ တကာ ရာဇဝတ်မှုများနှင့် တာဝန်ခံမှုနှင့် ရိုဟင်ဂျာများ နေရပ်ပြန်လည်သွားရောက်နိုင်ရေး အချက် (၄) ချက်တို့ ကို ရှင်းလင်းပြောဆိုခဲ့ကြောင်း ၊လက်ရှိ နိုင်ငံရေးအခြေအနေတွင် စစ်တပ်သည် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းကသာ ဖော်ဆောင် ပေးနိုင်လိမ့်မည်ဟု ကမ္ဘာကြီးအား ယုံကြည်စေလိုနေပြီး၊ ၎င်း၏ ဆန့်ကျင်ဘက်သည် အမှန်တရားဖြစ်နေသည် ဟူသော အထူးအစီရင်ခံစာ တင်သွင်းသူ၏ ပြောဆိုချက်အား သဘောတူပါကြောင်း၊ စစ်တပ်သည် ဥပဒေကြောင်းအရသော်လည်းကောင်း၊ တရားဝင်မှု အရသော် လည်းကောင်း မရှိသည့်အပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ ရေရှည် တည်တံ့ ခိုင်မြဲရေး အတွက် အကြီးမားဆုံးသော ဆူးငြောင့်ခလုတ်ပင်ဖြစ် ကြောင်း ရှင်းလင်းပြောဆိုသည်။

မြန်မာ စစ်တပ်အနေဖြင့် ရွေးချယ်တင်မြှောက်ခံထားရသည့် အရပ်သားအစိုးရ ခေါင်းဆောင်များ ဖြစ်ကြသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားများစွာ သောသူများကို လုံခြုံရေးကောင်စီမှ ချက်ချင်းပြန်လွှတ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုထားသည့်ကြားမှ ဓားစာခံများအဖြစ် ဖမ်းဆီးထားလျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း ပြည်တွင်း တရားဥပဒေစိုးမိုးမှုမှာ ဆိုးရွားစွာ ပြိုပျက်နေပြီဖြစ် ကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ ဖမ်းဆီးခွင့်၊ တရားရုံး၊ ဘဏ်စနစ်နှင့် သတင်းအချက် အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာတို့ သည်လည်း စစ်တပ်၏ ဖိနှိပ်မှုအတွက် အသုံးချခံ ယန္တရားများ ဖြစ်လာခဲ့ကြောင်း၊ အထူးသဖြင့် ယခင်က ခက်ခက်ခဲခဲ ရရှိခဲ့သည့် ပြုပြင်ပြောင်းလဲမှုများ ပြောင်းပြန် အခြေအနေသို့ ရောက်ရှိသွားခြင်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပျက်စီး ယို့ယွင်းလာခြင်းနှင့် ဆိုးရွားသော အကျင့်ပျက်ချစားမှု များကြောင့် အလုပ်အကိုင်မဲ့မှုနှင့် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာကာ လူဦးရေ ထက်ဝက်ခန့်သည်လည်း ဆင်းရဲနွမ်းပါးမှုအတွင်း ကျရောက်နေကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

ထို့ပြင် စစ်တပ်က အထွေထွေရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိထား သည့် အရေးကြီးသော နိုင်ငံရေးပါတီများကို ဖျက်သိမ်းခဲ့ပြီး လွတ်လပ်သော သတင်းမီဒီယာနှင့် ထုတ်ဖော်ပြောကြားခွင့်များကို ဖြိုဖျက်ခဲ့ကြောင်း၊ ယခုအခါ ဆိုရှယ်မီဒီယာပေါ်ရှိ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခုခုအား Like နှိပ်လျှင်ပင် အကျဉ်းချ ခံရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ စစ်တပ် က စီမံကျင်းပမည့် ရွေးကောက်ပွဲများအား နိုင်ငံရေး ထွက်ပေါက် တစ်ခုအဖြစ် မျှော်လင့်နေသူများသည် လက်တွေ့နှင့် ကင်းကွာနေသည်ဟုပင် ဆိုရမည် ဖြစ်ကြောင်း၊ စစ်တပ်သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပပြုလုပ်ရန် ရည်ရွယ်ချက် မရှိကြောင်း ၎င်းက ဆက်ပြောသည်။

အခြားတစ်ဖက်တွင်လည်း တရားမဝင် စစ်တပ်၏ ခေါင်းဆောင်သည် အာဆီယံ နိုင်ငံများမှ ခေါင်းဆောင်များနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံစဉ် ၎င်းကိုယ်တိုင် သဘောတူညီခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ချက်ချင်း ပစ်ပယ်ခဲ့ကြောင်း၊ ထို့အတူ လုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်အဆို ၂၆၆၉ အရ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုမှု အပါအဝင် အခြားသော တောင်းဆိုချက်များကိုလည်း လျစ်လျူရှုခဲ့ကြောင်း၊ လူသားချင်းစာနာမှုအခြေအနေအနေဖြင့် တရားမဝင် စစ်အာဏာသိမ်းချိန်မှစ၍ စစ်တပ်သည် အရပ်သား ပြည်သူများအပေါ် မဆင်မခြင် တိုက်ခိုက်လျက်ရှိသောကြောင့် ၁ ဒသမ ၇ သန်းသော ပြည်သူများမှာ နေအိမ်များ မှ ထွက်ပြေးစွန့်ခွာလာခဲ့ရကြောင်း၊ ယခုဆိုလျှင် ပြည်တွင်း နေရပ်စွန့်ခွာသူ နှစ်သန်း ခန့်ရှိနေပြီဖြစ်ကြောင်း၊ OHCHR ၏ မှတ်တမ်းများအရ ဆေးခန်းများ၊ စာသင်ကျောင်းများ နှင့် ဘုရားကျောင်းများစသည်ဖြင့် အဆောက်အဦ (၈၂,၀၀၀) ခန့်မှာမီးရှို့ခံရခြင်း သို့မဟုတ် ဖျက်ဆီးခြင်းခံထားရကြောင်း သံအမတ်ကြီးက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

နိုင်ငံတကာအသိုက်အဝန်းထံမှ အကူအညီများ လျော့ရဲလာသည်နှင့်အမျှ ပြည်သူ များ၏ ထိရှလွယ်မှုသည် မြင့်တက်လာသော်လည်း စစ်တပ်သည် လူသားချင်း စာနာ ထောက်ထားမှု နယ်ပယ်နှင့် ရရှိခွင့်တို့ကို လက်နက်သဖွယ် အသုံးချလျက်ရှိ ကြောင်း၊ စစ်တပ်မှ ဒေသခံ ထောက်ပံ့ရေး အဖွဲ့အစည်းများအပေါ် လွန်ကဲသော တားမြစ် ကန့်သတ်ချက်များ ချမှတ်ခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုအား ကြိုးကိုင် ခြယ်လှယ်မှု တို့သည် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ လိုအပ်နေသူများ၊ အထူးသဖြင့် ပဋိပက္ခဒေသအတွင်း ရှိနေသူများထံသို့ ထောက်ပံ့ကူညီမှုများ ပို့ဆောင်ရန်အတွက် အဓိက စိန်ခေါ်မှုဖြစ်နေကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

စစ်တပ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပြည့်ဝသော၊ လုံခြုံစိတ်ချရသောနှင့် အတားအဆီး မရှိသော လူသားချင်းစာနာထောက်ထားမှု အကူအညီများ အပြည့်အဝ ရရှိရေး ဟူသော တောင်းဆိုချက်ကို ဆိုးရွားစွာ မျက်ကွယ်ပြုထားကြောင်း၊ စစ်တပ်မှကျူးလွန်လျက်ရှိသည့် ကြီးလေးသောနိုင်ငံတကာရာဇဝတ်မှုများနှင့် တာဝန်ခံရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ၎င်း၏ အစီရင်ခံစာတွင် စစ်တပ်အနေ ဖြင့် ထိန်းချုပ်မှုရရှိနိုင်ရေးအတွက် ရုန်းကန်နေရသည် ဟု ဖော်ပြထားသည့်အချက်မှာ မှန်ကန် ပါကြောင်း၊ မြေပြင်တွင် စစ်တပ်၏ စိုးမိုးမှုသည် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ စိုးမိုးမှုထက် သိသိ သာသာ လျော့နည်း သောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိန်းချုပ်မှုရှိခြင်း မှာ ဆိုဖွယ်ရာပင် မရှိ ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် စစ်တပ်က ထိန်းချုပ်မှုရရှိနိုင်ရေးအတွက် အရပ်သားပြည်သူများ အပေါ် အကြောက်တရားရိုက်သွင်းခြင်းနှင့် စုပေါင်းပြစ်ဒဏ်ခတ်မှုတို့ဖြင့် တော်လှန်ရေးအား ထောက်ခံမှု ကျဆင်းစေရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်လည်း စစ်တပ်က ၎င်းတို့ စွမ်းဆောင်နိုင်သည့် အကြမ်းဖက်ခြင်း နည်းလမ်းတစ်ခုတည်းမှအပ အခြားမရှိကြောင်း၊ ၎င်းတို့၏ ဂျက်လေယာဉ်များ သည် အရပ်သားပြည်သူများနေထိုင်ရာ နေရာဒေသများအပေါ်သို့ ဗုံးကြဲပြီး မြေပြင်စစ်ဆင်ရေး လုပ်ဆောင်မူများတွင် ကလေးငယ်များ နှင့် ကူညီကယ်ဆယ်ရေးဝန်ထမ်းများ အပါအဝင် အရပ်သားပြည်သူများ အပေါ် ရက်စက်ကြမ်းကြုတ်သော လူအစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းတို့ကို ကျူးလွန် လျက်ရှိကြောင်း၊ အလားတူ လူနေအိမ် များရှိသော မြို့နယ်များနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဆေးရုံများ၊ စာသင် ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် လူနေရပ်ကွက်များကို ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်မှုများအပြင် စစ်တပ်သည် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအား ဥပဒေမဲ့ ကွပ်မျက်စီရင်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း နှင့် ဖမ်းဆီးထိန်းချုပ်ခံထားရသူများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုလုပ်ခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်အနေဖြင့် နိုင်ငံခြားလက်နက်များနှင့် လေယာဉ်ဆီများ ရရှိနေခြင်း ကြောင့် အထက်ပါ အကြမ်းဖက်မှုများကို ဆက်လက် ကျူးလွန်ခွင့် ရရှိနေခြင်း ဖြစ်ကြောင်း၊ ကုလသမဂ္ဂ တာဝန်ရှိသူ များအနေဖြင့် ၎င်းတို့၏ အစီရင်ခံစာ အသီးသီးတွင် စစ်တပ်မှ ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများကို သက်သေအထောက်အထားများဖြင့် မှတ်တမ်းထားရှိပြီးဖြစ်ကြောင်း၊ ထင်ရှား သည်မှာ မြန်မာနိုင်ငံဆိုင်ရာ အထူး စုံစမ်း စစ်ဆေးရေး ယန္တရား၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအပေါ်၌ စစ်တပ်က ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည်ကို ခိုင်မာ သည့် သက်သေအထောက်အထားများရှိသည်ဟု သံအမတ်ကြီးက ပြောဆိုသည်။

သို့ရာတွင် အဆိုပါရာဇဝတ်မှုများ ကျူးလွန်ထားသည့် စစ်ပတ်၏ တပ်သား တစ်ဦး တစ်ယောက်ကိုမျှ ဒဏ်ခတ် အပြစ်ပေး အရေးယူခြင်း ယနေ့တိုင် မရှိပါကြောင်း၊ အဘယ်ကြောင့် ဆိုသော် စစ်တပ်ကပင် ထိုသို့ လုပ်ဆောင်ရန် ညွှန်ကြား၍ ခွင့်ပြု ထားသောကြောင့်ဖြစ်ကြောင်း၊ အကျိုးဆက်အနေဖြင့် မြန်မာနိုင်ငံတွင် ပြစ်ဒဏ် ခတ်ခြင်းမှ ကင်းလွတ်မှု (Impunity) အစဉ်အလာသည် မချုပ်ငြိမ်းဘဲ ဆက်လက် တည်ရှိနေကြောင်း၊ ယင်းအစဉ်အလာအား မဖြစ်မနေ အပြီးတိုင်း ချုပ်ငြိမ်းစေရမည် ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းလင်းပြောဆိုသည်။

ရိုဟင်ဂျာများ နေရပ်ပြန်လည်သွားရောက်နိုင်ရေးအတွက်‌ ဆောင်ရွက်မှုအနေဖြင့် ရိုဟင်ဂျာများအနေဖြင့် ဆိုးရွားသည့် အခြေအနေများတွင် နှစ်ကာလကြာမြင့်စွာ နေထိုင်နေရသည့်အပေါ် မိမိတို့ စာနာနားလည်ပါကြောင်း၊ ဤနေရာတွင် ၎င်းတို့မှ နေရပ်သို့ ကောင်းမွန်စွာ ပြန်လည်သွားရောက်နိုင်ရေးအတွက် သင့်လျော်မည့် အခြေအနေ တစ်ရပ် ဖန်တီးပေးရေးကို ကိုယ်စားလှယ် အများစုမှ တောင်းဆိုမည် ဟု ယုံကြည်ပါ ကြောင်း၊ အမှန်မှာ စစ်တပ်၏ လက်အောက်တွင် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နေရပ် သို့ ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ပြန်လည်သွားရောက်ရေးက မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည့် စစ်တပ် သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူများအပေါ် အလားတူ ကျူးလွန် နေသည့် အခြေအနေတွင် ရိုဟင်ဂျာများ မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်ရန် တွန့်ဆုတ် နေခြင်းက အကျိုးအကြောင်း လွန်စွာ ဆီလျော်ပါ ကြောင်း သံအမတ်ကြီးက ဆိုသည်။

လက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်းအား ဖြေရှင်းခြင်းမရှိဘဲ ရိုဟင်ဂျာများ မြန်မာနိုင်ငံသို့ သဟဇာတဖြစ်စွာ၊ ဘေးကင်းလုံခြုံစွာ ပြန်လည်သွားရောက်ရန် မျှော်မှန်းခြင်းက လက်တွေ့မကျကြောင်း၊ ရိုဟင်ဂျာများ လုံခြုံစွာနှင့် ရေရှည် တည်တံ့သော ပုံစံဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်ရေးက မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးမှု ပြန်လည် တည်ဆောက်နိုင်ခြင်း ရှိ-မရှိနှင့် စစ်တပ်အား ဒီမိုကရေစီစနစ်အောက်တွင် ထားနိုင်ခြင်း ရှိ-မရှိအပေါ် မူတည်ပါ ကြောင်း ၎င်းက ရှင်းပြသည်။

သို့ဖြစ်ပါ၍ လက်ရှိ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာမှု ဆိုင်ရာ ပကတိ အခြေအနေများအပေါ် အခြေခံလျက် မြန်မာပြည်သူများအတွက် ရေရှည် တည်တံ့သည့် အနာဂတ် ဖြစ်ပေါ်လာစေရန် ဖြေရှင်းပေးနိုင်မည့် နည်းလမ်း (၂) သွယ် ရှိပါကြောင်း၊ ပထမနည်းလမ်းမှာ စစ်တပ်မှ ကြိုးပမ်းနေသည့် တရားမဝင် စစ်အာဏာသိမ်းမှုအား အပြီးတိုင် ချုပ်ငြိမ်းစေခြင်းပင်ဖြစ်ကြောင်း၊ ယင်းမှာ အုပ်ချုပ်မှုပုံစံ ပြောင်းလဲခြင်းမျှသာ မဟုတ်ကြောင်း၊ ယခုအခြေအနေထက် ပိုမို ဆိုးရွားနိုင်သည့် အခြေအနေ မရှိနိုင်ပါကြောင်း၊ အဓိကအားဖြင့် စစ်တပ်သည် ငြိမ်းချမ်း စွာနှင့် လက်နက်ကိုင် လှုပ်ရှားနေသည့် ခုခံတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း များအကြား လက်တွဲညီစွာ အခိုင်အမာ ပေါင်းစပ်ခုခံတော်လှန်နေသည့် ခုခံတော်လှန်မှုကို ဘယ်သောအခါမျှ အနိုင်ရရှိနိုင်မည်မဟုတ်သော မြေပြင်မှ ပကတိ အခြေအနေအပေါ် အခြေခံ ထားသည့် နည်းလမ်းပင်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်းပြသည်။

စစ်တပ်က မြန်မာနိုင်ငံတွင် အုပ်ချုပ်နိုင်မှု စိုးစဉ်းမျှ မရှိကြောင်း၊ ၎င်းတို့သည် ရုန်းကန် ရှင်သန်နေရုံမျှသာဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ၎င်းတို့ အကျိုးခံစားခွင့် ဆက်လက် ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆုပ်ကိုင်အသုံးချကာ ရက်စက်ကြမ်းကြုတ်မှုများ ကို တိုးမြှင့် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်တပ်မှ ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ် နေခြင်းကို ခွင့်မပြုပေးသင့်တော့ကြောင်း၊ ထိုသို့ သတ်ဖြတ်ခြင်းမှာ စစ်တပ်မှ အနည်းဆုံး လုပ်ဆောင်နိုင်သည့် လုပ်ရပ်သာဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန် အချိန်ကျော်လွန်နေပြီ ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ဆုံးဖြတ်ချက်အဆို ၂၆၆၉ အပေါ် အခြေခံ၍ ထိရောက်သော ဆုံးဖြတ်ချက်တစ်ခုကို ထပ်မံချမှတ်သင့်ကြောင်း၊ စစ်တပ်မှ အကျိုးခံစားနေသည့် ပြစ်ဒဏ် ကင်းလွတ်ခွင့်ကို အပြီးတိုင် ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ အရေးကိစ္စ အား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းတင်သွင်းသင့်ကြောင်း၊ ယင်း အချက်ကို လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကလည်း ကြိမ်ဖန်များစွာ တောင်းဆို ထားကြောင်း၊ ရာဇဝတ်မှုအား တာဝန်ခံမှုရှိခြင်းက အပြည်ပြည်ဆိုင်ရာတရားရုံးမှ စီရင် ဆုံးဖြတ်ရန် စစ်ဆေး နေသည့် လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် လက်ရှိ နိုင်ငံတကာ လုပ်ဆောင်ချက် များကို ဖြည့်စွက်ပံ့ပိုး အားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်း က ရှင်းပြသည်။

ထို့ပြင် စစ်တပ်ထံသို့ စီးဆင်းနေသည့် လေယာဉ်ဆီများ အပါအဝင် လက်နက်စီးဆင်းမှု အားလုံးကို ဖြတ်တောက်ရန် လိုအပ်ကြောင်း၊ ယင်းမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ၏ တောင်းဆိုချက်များအနက် အဓိကကျသော အချက်တစ်ချက်ပင် ဖြစ်ကြောင်း၊ အချို့ အနေဖြင့် မြန်မာ စစ်တပ်ထံသို့ လက်နက်များ ရောင်းချခြင်းသည် နိုင်ငံအချင်းချင်းကြား ပြုလုပ်သည့် ကုန်သွယ်ရေးမျှသာဖြစ်သည်ဟု စောဒကတက်နိုင်ပါကြောင်း၊ သို့သော် စစ်တပ်အနေဖြင့် အဆိုပါ လက်နက်များကို တိုင်းပြည်အား ကာကွယ်ရန်အတွက် အသုံးပြုခြင်း မဟုတ်ကြောင်း၊ ယင်းအစား ပြည်သူများကို သတ်ဖြတ်ရန်အတွက် အသုံးပြုနေခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်ကို ငွေကြေးဖြတ်တောက်ရန် လိုအပ်ကြောင်း၊ ဤနေရာတွင် မိမိအနေဖြင့် စစ်တပ်အတွက် အဓိကကျသော ငွေကြေးအရင်းအမြစ်များအပေါ် နိုင်ငံများမှ ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို စုပေါင်း၍ ချမှတ်ပေးရန် တောင်းဆိုလို ပါကြောင်း၊ ချမှတ်ဖော်ဆောင်ရန် အချိန်အတော်ကြာ ကျော်လွန်နေသည့် ဖော်ပြပါ အရေးယူ ဆောင်ရွက် ချက်များသည် တောင်းဆိုမှု အသစ်များ မဟုတ်ကြောင်း၊ ယင်းအချက်များမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ အပါအဝင် ကုလသမဂ္ဂ တာဝန်ရှိသူ များက အထပ်ထပ်အခါခါ တောင်းဆိုနေသည့် အချက်များပင် ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တပ်အနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ခံစား၍ ပြည်သူများအား သတ်ဖြတ်နေခြင်းမှာ ၎င်းတို့ ဆက်လက် လုပ်ဆောင်ရမည့် နည်းလမ်း မဟုတ်သည်ကို အတိအလင်း သိရှိနားလည်စေရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လုပ်ဆောင်ရမည် ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ရှင်းပြသည်။

ဒုတိယနည်းလမ်းမှာ ထိရောက်သော၊ အားလုံးပါဝင်သောနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော တရားဥပဒေစိုးမိုးသည့် အဖွဲ့အစည်းများဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်တပ်အား ဖယ်ရှားရုံ ဖြင့် ရေရှည် တည်ငြိမ်အေးချမ်းသောနိုင်ငံ တည်ဆောက်နိုင်မည် မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာပြည်သူများ၏ အနာဂတ်အတွက် ဖက်ဒရယ်အုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံများ၊ အားလုံးပါဝင်သည့်ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေး လေးစားလိုက်နာမှုနှင့် ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ကျွမ်းကျင်မှုပြည့်ဝသည့် ပြုပြင်ပြောင်းလဲ တည်ဆောက်ထားသော စစ်တပ်တို့ ပါဝင်သည့် အုတ်မြစ်ကောင်းများကို ချမှတ်ပေးရမည်ဖြစ်ကြောင်း၊ ဤနည်းလမ်းသည်ပင်လျှင် ရိုဟင်ဂျာများ အပါအဝင် ပြည်သူအားလုံးအတွက် ရေရှည် ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဖော်ပြပါ ပန်းတိုင် (၂) ခုသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ စုစုစည်းစည်း ကြိုးပမ်း နေသည့် ပန်းတိုင်များဖြစ်ကြောင်း၊ အဆိုပါ ပန်းတိုင်များ ပြည့်မှီစေရန် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်တွင် အသေးစိတ် ပြဋ္ဌာန်းချမှတ်ထားကြောင်း၊ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းသော ဒီမိုကရေစီ မြန်မာနိုင်ငံတော်အား တည်ဆောက်နိုင်ရန် နိုင်ငံများ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိပြီး ထိုသို့ ပူးပေါင်းဆောင်ရွက်ရန်လည်း ဖိတ်ခေါ်ပါ ကြောင်း သံအမတ်ကြီးက ထုတ်ဖော်ပြောဆိုထားသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် နွေဦးတော်လှန်ရေး အင်အားစုများ စုပေါင်း၍ အောက်တိုဘာလ ၁၂ ရက်နေ့ “ပရာ့ဂ်ပန်ကြားချက် (Prague Appeal) ကို ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ပန်ကြားချက်တွင် ဒီမိုကရေစီနည်းကျ ကိုယ်စားပြုအုပ်ချုပ်မှု၊ ရက်စက်ကြမ်း ကြုတ်သော စစ်အာဏာရှင်စနစ် ကွင်းစက်အား ဖြတ်တောက်ရေး၊ စစ်တပ်အား နိုင်ငံရေး နယ်ပယ်မှ ဖယ်ထုတ်ရေး၊ အသွင်ကူးပြောင်းရေး တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဆောင်ကျဉ်းပေးရေးနှင့် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်ကြောင်း သံအမတ်ကြီးက တောင်းဆိုသည်။

မြန်မာပြည်သူများက စစ်အာဏာရှင်စနစ်အား ခုခံတော်လှန်နေခြင်းသည် အိမ်နီးချင်းနိုင်ငံများအတွက်သာမက မည်သည့် နိုင်ငံ၏ အကျိုးစီးပွားကိုမျှ ထိပါးစေမည် မဟုတ်ကြောင်း၊ သို့ရာတွင် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့်မူ ဒေသအတွင်းသို့ စိုးရိမ် ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများ ဖိတ်စင်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ အရေးကိစ္စအား ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ဖြေရှင်းခြင်းက အားလုံးအတွက် အကောင်းဆုံး အကျိုးစီးပွား ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံများ အားလုံးအနေဖြင့် မြန်မာပြည်သူပြည်သားများ၏ ဒီမိုကရေစီမျှော်မှန်းချက်များကို ရှေးရှုလျက် မြန်မာနိုင်ငံအရေးကိစ္စအပေါ် ဟန်ချက်ညီစွာ ထိတွေ့ဆက်ဆံရန်နှင့် ဆောင်ရွက် ချက်များချမှတ်ရန် သံအမတ်ကြီးက တောင်းဆိုသည်။

နိုင်ငံတကာက မြန်မာ စစ်တပ်အပေါ် အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန် ပျက်ကွက်နေသည့် ကာလ ပတ်လုံး ပြည်သူများ ၏ ဆင်းရဲဒုက္ခသည်လည်း ပိုမို ဆိုးရွားလာနေမည်ဖြစ်ပြီး ပြည်သူ အများ အပြား ပိုမို သတ်ဖြတ်ခံ နေရမည်သာဖြစ်ကြောင်း၊ ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီ အနေဖြင့် ထိရောက်မှုရှိသော အရေးယူဆောင်ရွက်ချက်များကို ယခုပင် ချမှတ်ရန်လိုအပ်ကြောင်း သံအမတ်ကြီးကတိုက်တွန်း ပြောဆိုသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများအပေါ်တွင် တာဝန် မပျက်ကွက်သင့်ပါကြောင်း၊ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုနှင့် စစ်အာဏာရှင်စနစ်အား အပြီးတိုင် ချုပ်ငြိမ်းစေရေးအတွက် ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်သော အရေးယူ ဆောင်ရွက်ချက်များ ချမှတ်ရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရန် မည်သို့သော အဆင့်များကို ဆက်လက်လုပ်ဆောင်ရန် ရှိသည်ကို သိရှိလိုပါကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂအစည်းအဝေးတွင်တင်ပြ တောင်းဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article