25 C
Yangon

တောင်ကြီးရှိ စစ်တပ်နှင့် ရုရှားတို့ ပြန်လည် စတင်မည့် ပင်းပက် သံမဏိစက်ရုံကို ချက်ချင်းပိတ်သိမ်း၍ မတရားသိမ်းယူထားသော မြေဧက ၁၁၀၀၀ ကျော်ကို ပြန်ပေးရန် တောင်သူများ တောင်းဆို

Must read

တောင်ကြီးရှိ စစ်တပ်နှင့် ရုရှားတို့ ပြန်လည် စတင်မည့် ပင်းပက် သံမဏိစက်ရုံကို ချက်ချင်းပိတ်သိမ်း၍ မတရားသိမ်းယူထားသော မြေဧက ၁၁၀၀၀ ကျော်ကို ပြန်ပေးရန် တောင်သူများ တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီအုပ်စုရှိ ၆ နှစ်ကျော်ကြာ ရပ်နားထားသည့် ပင်းပက်သံမဏိစက်ရုံကို အကြမ်းဖက် စစ်တပ်နှင့် ရုရှား တို့ ပူးပေါင်းကာ ပြန်လည်စတင်နေမှုကို ချက်ချင်းပိတ်သိမ်းရန်နှင့် မြေဧက ၁၁၀၀၀ ကျော်ကို ပြန်ပေးရန် မြေယာအသိမ်းခံထားရသည့် တောင်သူများက တောင်းဆိုလိုက်သည်။

ထို့ပြင် အသုံးပြု၍ မရတော့သည့် မြေများကို တရားမျှတသည့် လျှော်ကြေး၊ နစ်နာကြေးများပေးရန်ကိုလည်း တောင်သူများက တောင်းဆိုထားကြောင်း တောင်သူများကို ကူညီဆောင်ရွက်ပေးနေသည့် ပအိုဝ်းလူငယ်အစည်းရုံးထံမှ သိရှိရသည်။

အဆိုပါပင်းပက်စီမံကိန်း တည်ဆောက်ရန်အတွက် အကြမ်းဖက်စစ်တပ်မှ ဆက်စပ်မြေ ၁၁၀၀၀ ဧကကျော်ကို လျော်ကြေးအချို့ဖြင့် အတင်းအဓမ္မ သိမ်းယူခဲ့ပြီး လူနေအိမ် ၁၅ လုံးနှင့် လူဦးရေ ၅၀ ကို အတင်းအဓမ္မ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ကြောင်း တောင်သူများက ပြောကြားသည်။

“မြေ ဆုံးရှုံးမှု၊ စိုက်ပျိုးရေးမြေ ဆုံးရှုံးမှုအပါအဝင် တဘက်ချောင်းရေ ညစ်ညမ်းမှု၊ ပြီး သူ့ နောက်ဆက်တွဲ စိုးရိမ်ပူပန်မှုတွေပေါ့။ လုံခြုံရေး အထူးသဖြင့် အမျိုးသမီး” ဟု ပင်းပက်သံမဏိ စက်ရုံ ပြန်လည် လည်ပတ်မှုနှင့် ပတ်သက်၍ တောင်သူများ၏ စိုးရိမ်ချက်ကို ပအိုဝ်းလူငယ်အစည်းရုံးမှ တာဝန်ရှိသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အဆိုပါ ပင်းပက်သံမဏိစက်ရုံစီမံကိန်းကြောင့် တဘက်ချောင်းတစ်လျှောက်နေထိုင်ကြသည့် လူဦးရေ ခန့်မှန်းခြေ ၃၅၀၀၀ ဦးမှာ အလုပ်အကိုင်၊ လယ်မြေနှင့် မြစ်ချောင်းများ ပျက်စီးမှု စသည့် ခြိမ်းခြောက်မှုများ ခံစားနေရပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ကျန်းမာရေးနှင့် လေထုညစ်ညမ်းမှုဒဏ်ကိုပါ ရင်ဆိုင်နေကြရကြောင်း တောင်သူများထံမှ သိရှိရသည်။

“တဘက်ချောင်းက သဘာဝဂေဟစနစ်အတွက် အရမ်းအဖိုးကြီးတယ်။ ဟိုပုံရော၊ ကယာက လယ်သမားတွေအားလုံး ဒီချောင်းကို မှီခိုနေရတယ်။ ဒီစီမံကိန်းဆက်သွားရင် ချောင်းရေတွေ အဆိပ်ရေ ဖြစ်တော့မယ်။ ချောင်းထဲကို ဒီအဆိပ်ရေတွေ မစွန့်ပစ်ဘူးလို့ မဖြစ်နိုင်ပါဘူး” ဟု ဒေသတောင်သူ တစ်ဦးမှ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်မှ ၂၀၂၃ ခုနှစ် အစပိုင်းတွင် ပင်းပက်သံမဏိစက်ရုံကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ သံမဏိစက်ရုံမှ အများဆုံး သံစိမ်းတန်ချိန် ၂ သိန်း ထုတ်ယူဖို့ ရှိနေကြောင်း၊ ပင်းပက်စက်ရုံမှ ထုတ်ယူမည့် သတ္တုရိုင်းများသည်လည်း အကြမ်းဖက်စစ်တပ်၏ လက်နက်စက်ရုံဖြစ်ဖို့အတွက် ဦးတည်နေကြောင်းလည်း ပင်းပက်သံမဏိ စီမံကိန်း ပြန်လည်အစပြုလာခြင်းနှင် ပတ်သက်၍ တောင်သူများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပင်းပက်သံမဏိစက်ရုံစီမံကိန်းကို အကြမ်းဖက်စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် ရုရှားအစိုးရပိုင် Tyazhpromexport (TPE) တို့ ၂၀၀၄ ခုနှစ်တွင် စတင်ပူးပေါင်းလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့ကာ ငွေကြေးအရှုံးပေါ်ခဲ့သည့်အတွက် NLD အစိုးရ လက်ထက်ဖြစ်သည့် ၂၀၁၇ ခုနှစ်တွင် ရပ်နားထားခဲ့ရာမှ အာဏာသိမ်း အကြမ်းဖက်စစ်တပ်မှ ပြန်လည် စတင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စီမံကိန်း၏ လောင်စာစွမ်းအင်အတွက် ကျောက်မီးသွေးကို ရှမ်းပြည်အလယ်ပိုင်းရှိ ကျေးသီမှ ကျောက်မီးသွေးကို တူးဖော်ပြီး သဘာဝဓာတ်ငွေ့ကို မကွေး ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ရယူမည်ဖြစ်ကြောင်း၊ ထို့ပြင် သတ္တုရိုင်းများ ပို့ဆောင်ရန် ပင်းပက်သို့ သွယ်တန်းနိုင်မည့် ရထားလမ်းများကို ဖောက်လုပ်ပြီး မန္တလေးတိုင်း မြင်းခြံမြို့တွင် ဆက်လက်သန့်စင်ရန် အကြမ်းဖက်စစ်တပ်မှ စီမံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စီမံကိန်း ဆက်လက်လည်ပတ်ရင် ဂေဟစနစ်ပျက်စီးလာမယ်။ ဒေသတောင်သူတွေ ငတ်ဘေးစိုက်လာမယ်။ စကစ စီးပွားရေး နိုင်ငံရေး အမြတ်ထုတ်လာနိုင်မယ်”ဟု ပအိုဝ်းလူငယ်အစည်းရုံးမှ တာဝန်ရှိသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article