26 C
Yangon

ထီးကပလယ် စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းအဖွဲ့ ဝင်ရောက်စီးနင်း၊ စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်၍ ပြန်လည် ဆုတ်ခွာခဲ့ရ

Must read

ရန်ကုန်၊ မတ် ၂၅

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝေါ်လေမြို့နယ်ခွဲအတွင်းရှိ ထီးကပလယ် စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက် ၆ နာရီမှ စတင်ကာ ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ကြောင်းနှင့် စစ်ကောင်စီ၏ လေကြောင်းမှတဆင့် ဗုံးကျဲပစ်ခတ်မှုကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း ကရင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၁၀၃၊ KNDO၊ DKBA ပူးပေါင်းတပ်ဖွဲ့များက ထီးကပလယ်စစ်စခန်းကို ဝင်တိုက်ခိုက်ရာတွင် အောက်စခန်းကို စီးနင်းပြီးချိန်တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဝင်ရောက်စီးနင်းမှုတွင် ၄၀ မမ၊ ၆၀ မမ ကျည်တချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ကရင်သတင်းရင်းမြစ်များက ဖော်ပြကြပြီး တိုက်ပွဲအသေးစိတ်နှင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုကို ကနဦး မသိရှိရသေးပေ။

မတ်လ ၂၁ ရက်နေ့တွင် ဝေါ်လေမြို့နယ်ခွဲ၊ မော်ခီးစစ်ကောင်စီစခန်းကို KNLA၊ KNDO၊ DKBA၊ PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံး ၁ ဦးကို အရှင်ဖမ်းမိကာ အခြား စစ်သားအများအပြား စခန်းစွန့်ခွာထွက်ပြေးသွားပြီး လက်နက်ခဲယမ်းအများအပြားကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article