နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုသော် လည်း မြန်မာစစ်တပ်ကို အယုံအကြည်မရှိဟု သားငယ်ကိုထိန်လင်းပြောဆို
ရန်ကုန်၊ နိုဝင်ဘာ ၆
အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီး ချုပ်နှောင်ထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုသော်လည်း မြန်မာစစ်တပ်ကို အယုံအကြည်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် လွန်ခဲ့သော ၂ နှစ်ခွဲခန့်က မေတ္တာရပ်ခံခဲ့သော်လည်း စစ်တပ်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိကြောင်း၊ မိခင်ဖြစ်သူ၏ မွေးနေ့အတွက် မွေးနေ့အမှတ်တရပို့စ်ကတ်ပို့ရန် ကြိုးစားခဲ့သော်လည်း သံရုံးတံခါးပင် ဖွင့်မပေးခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသူကို မိသားစုက သွားရောက် လည်ပတ်တွေ့ဆုံခွင့် ရရှိရန်သည် အခြေခံကျသော လူ့အခွင့်အရေးဖြစ်ကြောင်း၊ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံလိုသော်လည်း မြန်မာစစ်တပ်ကို အယုံအကြည်မရှိကြောင်း သားငယ် ကိုထိန်လင်းက ပြောဆိုသည်။
“နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုတွေက ထောင်ဝင်စာ တွေ့ဆုံခွင့်ပေးမယ်ဆိုပေမယ့် စစ်တပ်က အကန့်အသတ်အတား အဆီးတွေ အများကြီး တကယ့်လက်တွေ့မှာ ဖြစ်ပေါ်နေပါတယ်။ စစ်တပ်က အပြုသဘောထား ရှိတယ်ဆိုတာမျိုး လူတွေထင်အောင် သူတို့က ဒါကို ဝါဒဖြန့်တာပဲ။ တကယ်တော့ အပြစ်မဲ့ ပြည်သူ ထောင်ပေါင်းများစွာရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေကို စစ်တပ်က ပိတ်ပင်ကန့်သတ်ထားတာပါ” ဟု ကိုထိန်လင်းက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော ပြစ်မှုများနှင့် ပြစ်ဒဏ်များသည် လုပ်ကြံဖန်တီးထားသော လိမ်လည်မှုများသာ ဖြစ်ကြောင်း သားငယ်ဖြစ်သူ ကိုထိန်လင်းက ပြောဆိုသည်။
ဓာတ်ပုံ- ဒေါ်အောင်ဆန်းစုကြည် ၂၀၁၁ ခုနှစ် နေအိမ်အကျယ်ချုပ်မှ လွတ် မြောက်ပြီးနောက် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သော သားငယ်ကိုထိန်လင်း။
