25 C
Yangon

ကိုးကန့်ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ပယ်မိသားစုနှင့် မြီမိသားစုတို့ကို သေဒဏ်စီရင်ခဲ့ပြီးနောက် ကိုးကန့် ပြည် သူ့စစ်ခေါင်း ဆောင် ဝေဆန်း အပါအဝင် ၅ ဦးကို လူသတ်မှု၊ အွန်လိုင်းငွေလိမ်လည်မှုများဖြင့် တရုတ်တရားရုံးက ဆက်လက်စစ်ဆေးနေ

Must read

ရန်ကုန်၊ မေ ၂၃

မြန်မာစစ်တပ်လက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းများဖြစ်ကြသည့် ပယ်မိသားစုနှင့် မြီမိသားစုဝင်များကို တရုတ်အစိုးရက သေဒဏ်စီရင်ကွပ်မျက်ခဲ့ပြီးနောက်၊ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) နှင့် လူသတ်မှုများတွင် အဓိကပါဝင်ခဲ့သူ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်း အပါအဝင် ၅ ဦးကို တရုတ်နိုင်ငံအရှေ့ပိုင်းရှိ တရားရုံးတစ်ခုတွင် ဆက်လက်စစ်ဆေးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းများတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဖူကျန့်ပြည်နယ်၊ ချွမ်ကျိုးမြို့ အလယ်အလတ်ပြည်သူ့တရားရုံးသည် ဝေဆန်းနှင့် ၎င်း၏အဖွဲ့သားများအပေါ် စွဲဆိုထားသော အမှုများကို မေလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကြားနာစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

တရားလို အစိုးရရှေ့နေများ၏ တရားရုံးအတွင်း ပြောကြားချက်အရ ဝေဆန်းနှင့် ၎င်း၏မိသားစုဝင်များသည် မြန်မာစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် တာဝန်ယူထားစဉ် ၎င်းတို့၏ စစ်ရေးနှင့် နိုင်ငံရေးဩဇာအာဏာကို အလွဲသုံးစားပြုကာ တရုတ်နိုင်ငံသားများကို အွန်လိုင်းကျားဖြန့်ငွေလိမ်ခြံဝင်းများအတွင်း အဓမ္မပစ်မှတ်ထား လိမ်လည်စေခြင်းနှင့် ရက်စက်စွာ ခိုင်းစေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငွေလိမ်ခြံဝင်းများအတွင်း ရာဇဝတ်မှုအမြောက်အမြား ကျူးလွန်ခဲ့ပြီး ယင်းလိမ်လည်မှုများမှတစ်ဆင့် ယွမ် ၂ ဒသမ ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၅၃ သန်း) အထိ မတရားအကျိုးအမြတ် ရယူခဲ့သည့်အပြင်၊ ဝေဆန်း ဦးဆောင်သော လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငွေလိမ်ဂိုဏ်းများကြောင့် တရုတ်နိုင်ငံသား ၄ ဦး သေဆုံးခဲ့ရသည်ဟု အစိုးရရှေ့နေများက တရားရုံးတွင် တင်ပြခဲ့သည်။

ကိုးကန့်ဒေသတွင် စစ်တပ်၏ ကျောထောက်နောက်ခံပေးမှုဖြင့် ကာစီနိုလုပ်ငန်းများ၊ အပျော်အပါးလုပ်ငန်းများနှင့် အွန်လိုင်းကျားဖြန့်လိမ်လည်ရေးစခန်းများကို စနစ်တကျ လည်ပတ်ခဲ့ကြသည့် အခြားမာဖီးယားဂိုဏ်းဝင်များကိုလည်း တရုတ်အစိုးရက ပြတ်ပြတ်သားသား အရေးယူခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က အွန်လိုင်းကျားဖြန့်လိမ်လည်မှု၊ လူသတ်မှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှုနှင့် လောင်းကစားလုပ်ငန်းများ ဖွင့်လှစ်မှုတို့ဖြင့် အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခံထားရသည့် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် မြီမိသားစုဝင် ၁၁ ဦးကို တရုတ်အစိုးရက သေဒဏ်စီရင်ကွပ်မျက်ခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီလအတွင်းကလည်း ကျားဖြန့်လိမ်လည်မှု၊ လောင်းကစားမှုနှင့် လူကုန်ကူးမှုများမှတစ်ဆင့် ယွမ်ငွေ ၂၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံခန့်) ကို မတရားရယူခဲ့သည့် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်၏ မိသားစုဝင် ၄ ဦးဖြစ်သော ပယ်ရင်ချန် (Bai Yingcang)၊ Yang Liqiang၊ Hu Xiaojiang နှင့် Chen Guangyi တို့ကို ကွမ်တုံး (Guangdong) ပြည်နယ် တရားရုံး၏ ဆုံးဖြတ်ချက်အရ သေဒဏ်စီရင်ကွပ်မျက်ခဲ့ပြီး ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူ ပယ်ဆောက်ချိန်မှာမူ သေဒဏ်ချမှတ်ခံရပြီးနောက် နာမကျန်းဖြစ်၍ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

တရုတ်အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးချက်များအရ ပယ်မိသားစုသည် ကိုယ်ပိုင်လက်နက်ကိုင်အဖွဲ့တစ်ခုကို ထိန်းချုပ်ကာ အွန်လိုင်းလိမ်လည်မှုနှင့် ကာစီနိုလုပ်ငန်းများအတွက် စခန်းပေါင်း ၄၁ ခုကို တည်ထောင်ခဲ့ပြီး၊ ၎င်းတို့၏ ရာဇဝတ်မှုများကြောင့် တရုတ်နိုင်ငံသား ၆ ဦး သေဆုံးခဲ့ကာ လူတစ်ဦး မိမိကိုယ်ကိုယ် သတ်သေသွားခဲ့ရသည်။

အဆိုပါ ကိုးကန့်ပြည်သူ့စစ်အဖွဲ့များနှင့် မာဖီးယားအင်ပါယာများသည် ၂၀၀၀ ပြည့်နှစ်အစောပိုင်းတွင် လောက်ကိုင်မြို့ကို ထိန်းချုပ်နေသော ယခင်စစ်ခေါင်းဆောင် ဖုန်ကြားရှင်ကို ဖယ်ရှားခဲ့သည့် စစ်ရေးလှုပ်ရှားမှုနောက်ပိုင်း အာဏာရလာခဲ့ခြင်းဖြစ်သည်။

ယင်းစစ်ရေးလှုပ်ရှားမှုကို လက်ရှိမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုအချိန်က စစ်တပ်ဘက်မှ ပူးပေါင်းလုပ်ကိုင်နိုင်မည့် မဟာမိတ်အဖြစ် ဖုန်ကြားရှင်၏ လက်ထောက်ဟောင်း ပယ်ဆောက်ချိန်ကို ယုံကြည်လက်တွဲခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ၂၀၂၃ ခုနှစ်တွင် တရုတ်အစိုးရအနေဖြင့် မြန်မာစစ်တပ်၏ အွန်လိုင်းလိမ် လည်မှုများအပေါ် လုံလောက်စွာ တုံ့ပြန်နှိမ်နင်းခြင်းမရှိမှုကို မကျေမနပ်ဖြစ်လာခဲ့ပြီး၊ ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုကို သွယ်ဝိုက်ထောက်ခံခဲ့ရာမှ ကိုးကန့်ပြည်သူ့စစ် မာဖီးယားအင်ပါယာများ အကုန်အစင် ပြိုလဲသွားခဲ့ရကာ၊ နောက်ဆုံးတွင် ကျားဖြန့်ဂိုဏ်းဝင်များကို ဖမ်းဆီး၍ တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့ရခြင်း ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article