26.3 C
Yangon

ကောလင်းမြို့ပေါ်တွင် ထွေ/အုပ်ရုံးအနီးတွင်သာ စစ်တပ် ကျန်ရှိပြီး မြို့နေရာအားလုံးတွင် တော်လှန်ရေးတပ်က စိုးမိုးထား၊ စစ်တပ်က မြို့နေလူထုကို ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ အနည်းဆုံး ၃၀ ထက်မနည်းသေဆုံးနိုင်

Must read

ကောလင်းမြို့ပေါ်တွင် ထွေ/အုပ်ရုံးအနီးတွင်သာ စစ်တပ် ကျန်ရှိပြီး မြို့နေရာအားလုံးတွင် တော်လှန်ရေးတပ်က စိုးမိုးထား၊ စစ်တပ်က မြို့နေလူထုကို ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ အနည်းဆုံး ၃၀ ထက်မနည်းသေဆုံးနိုင်

ရန်ကုန်၊ နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း ကောလင်းမြို့ပေါ်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးအနီးတွင်သာ စစ်တပ် ကျန်ရှိတော့ပြီး မြို့နေရာ အားလုံးကို တော်လှန်ရေးတပ်များက စိုးမိုးထားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များနှင့် ဒေသပြည်သူများကို ချိတ်ဆက် ကူညီနေသော အဖွဲ့တချို့ထံမှ သိရှိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့မှစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ကောလင်းမြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ခိုက်ခဲ့ရာ ကောလင်းရဲစခန်း ကို နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင်လည်းကောင်း၊ ကောလင်း အထက ၁ ကျောင်းတွင် စခန်းချထားသည့် စစ်တပ်စခန်းကိုလည်းကောင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်ရှိ ကောလင်းမြို့ ထွေအုပ်ရုံးအနီးတွင်သာ စစ်တပ်ကျန်ရှိတော့ကြောင်း ၊ စစ်တပ်က ကောင်လင်းမြို့ကို နိုဝင်ဘာလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်ခဲ့ကြောင်း Kawling Revolution -KR Team ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးမှုများရှိပြီး လမ်းပေါ်တွင်ပါ အလောင်းများရှိနေကြောင်း၊ စစ်တပ်က ရဟတ်ယာဉ်များ၊ လေယာဉ်များဖြင့် လူနေရပ်ကွက်များကို ဗုံးကျဲချခဲ့ကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးသူ ပြည်သူ ၃၀ ဦးထက်မနည်း ရှိနိုင်ကြောင်း၊ ပြည်သူအများစုမှာ ကောလင်းမြို့ပေါ်တွင် ပိတ်မိနေကြောင်း ၊ ဖုန်းလိုင်းများ ပြတ်တောက်နေပြီး ရံဖန်ရံခါမှ သာ ဖုန်းလိုင်း ရတစ်ချက်၊ မရတစ်ချက်ဖြစ်နေကြောင်း၊ မြို့၏ အခြေအနေ အလွန်ဆိုးရွားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုကြသည်။

“ပိတ်မိတာ ဒီနေ့နဲ့ဆို ၄ ရက်ရှိသွားပါပြီ။ မြို့ထဲဝန်းကျင် အများဆုံးပိတ်မိတာ။ ထွက်လို့မရဘူး။ လမ်းပေါ်မှာလည်း ထွက်မိလို့ အပစ်ခံထားရတဲ့ အလောင်းတွေရှိတယ်။ သာမန်ပြည်သူတွေပါ။ လမ်းပေါ်ထွက်တာနဲ့ အပစ်ခံရတယ်။ လက်နက်ကြီးတွေလည်း ကျတယ်။ လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ လာပစ်တယ်။ ဘယ်လိုမှ ထွက်လို့မရပါဘူး။ ၄ ရက်ဆက်တိုက် ပစ်ခတ်နေတာပါ” ဟု ကောလင်းမြို့မှမိဘများနှင့် အဆက်အသွယ်ရရှိထားသည့် ရန်ကုန်ရောက် လူငယ်တစ်ဦးက အခြေအနေကို ရှင်းပြသည်။

၎င်း၏ အဆိုအရ ကောလင်းမြို့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးရှိ လမ်းများ၊ မြို့လယ်ခေါင်လမ်းများမှ ပြည်သူများမှာ အများဆုံး ပိတ်မိနေခြင်းဖြစ်ကြောင်း၊ ဖုန်းလိုင်းနှင့် လျှပ်စစ်မီးလိုင်းများလည်း ၄ ရက်ဆက်တိုက် ပြတ်တောက်နေကြောင်း ပြောဆိုသည်။

Kawlin Revolution ကမူ ကောလင်းရှိပြည်သူတွေ နေထိုင်ရာ လူနေရပ်ကွက်များကို စစ်တပ်က တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကျဲနေကြောင်း၊ ယမန်နေ့ နိုဝင်ဘာ ၄ ရက်နေ့ တစ်ရက်တည်းတွင်ပင် လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်မှု ခုနှစ်ကြိမ်တိတိ ကျူးလွန်ခဲ့ကြောင်း ၊ စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဒေသခံ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရ သေဆုံးကာ အိမ်မီးလောင်မှုများရှိခဲ့ကြောင်း၊ အရပ်သားပြည်သူ သေဆုံးမှုနှင့် နေအိမ် မီးလောင်မှု အရေအတွက် ကို စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဓာတ်ပုံ- ကောလင်းရဲစခန်းနှင့်စစ်တပ်စခန်းမှ သိမ်းပိုက်ရရှိသည့် လက်နက်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article