ရန်ကုန်၊ မတ် ၂၆
စစ်ကိုင်းတိုင်း မုံရွာ-အရာတော် လမ်းပိုင်းတွင် မတ်လ ၂၅ ရက်နေ့က နံနက် ၆နာရီ ၃ဝမိနစ်၊ နံနက် ၉နာရီနှင့် မွန်းလွဲ ၂နာရီ ၂ဝမိနစ်ခန့်တို့တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကားများ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၈ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သပြေညိုပျောက်ကြား တပ်ဖွဲ့ထံမှ သိရသည်။
မတ်လ ၂၅ ရက်နေ့ နံနက် ၆နာရီ ၃ဝမိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို တုံးတင်ကန်အနီး ပဒေသာမိုင်း ၆လုံးဖြင့် လည်းကောင်း၊ နံနက် ၉နာရီခန့်တွင် ကြံတိုင်းအောင်ကွေ့အနီး ပဒေသာမိုင်း ၅လုံးဖြင့် လည်းကောင်း၊ မွန်းလွဲ ၂နာရီ ၂ဝမိနစ်ခန့်တွင် မုံရွာဖက်မှ လာသော စစ်ကောင်စီ ယာဉ်တန်းကို ပဒေသာမိုင်း ၂လုံးဖြင့် လည်းကောင်း ၃ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၈ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုများကို သပြေညိုပျောက်ကြား တပ်ဖွဲ့၊ Ayadaw Bone Naing- PDF (A.B.N.PDF)၊ King Of Res Land (KORL) ပျောက်ကြားတပ်ဖွဲ့၊ AMT မြေပြင် ပျောက်ကြားတပ်ဖွဲ့၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့၊ Ayardaw Falcon Force (AF2) တပ်ဖွဲ့တို့က ဦးဆောင်ကာ Excellent Flag တပ်ဖွဲ့၊ M.R.T.F တပ်ဖွဲ့၊ The Guys Of Burma Revolution Force (GBRF) ညီနောင် ၉ဖွဲ့တို့က ပူးပေါင်းလူပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့်မြို့ထဲမှ မြို့ပြင်သို့ ထွက်ခွာလာသည် အကြမ်းဖက် စစ်ကောင်စီ စစ်ကားနှင့် ကက္ကိုကုန်း လမ်းဆုံရှိ စစ်ကောင်စီ ဂိတ်စခန်းတို့ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မတ်လ ၂၆ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
အလားတူ တနင်္သာရီတိုင်း ဘုတ်ပြင်းမှ မြိတ်မြို့သို့ မောင်းနှင်လာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၃စီးပါ ယာဉ်တန်းကို မော်တုန်း ကျေးရွာအုပ်စု ကဒဲလိပ်ကျေးရွာအနီးတွင် မတ်လ ၂၅ ရက်နေ့ ညနေ ၄နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီ ရိုးမ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီ ရိုးမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ထိခိုက် ကျဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း တနင်္သာရီ ရိုးမ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Photo – AFP