မတူပီ-ဟားခါး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံး၊ CDF-မတူပီ တပ်ဖွဲ့ထံ စစ်သား ၂ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်
ရန်ကုန်၊ နိုဝင်ဘာ ၇
ချင်းပြည်နယ်၊ မတူပီ-ဟားခါး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း CDF-မတူပီ တပ်ဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မတူပီမြို့ အခြေစိုက် ခလရ-၁၄၀ မှ အင်အား ၆၀ ခန့်ပါ စစ်ကြောင်းသည် မတူပီ- ဟားခါး လမ်းပိုင်းကို စစ်ကြောင်းထိုးလာသောကြောင့် ဖနိုင်ရွာနှင့်ငလိုင်ရွာ အကြားရှိ စောင်ထီယားလမ်းခွဲတွင် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂ ဦးသေ ဆုံးကာ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ တောက်လျှောက် ပစ်ခတ်လာသော်လည်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာလ ၅ ရက်နေ့ကလည်း မတူပီမြို့နယ်ရှိ စစ်တပ် အခြေစိုက် ခလရ-၁၄၀ မှ တပ်သား ၂ ဦးသည် MA-1 သေနတ် ၁ လက် ကျည်ဆံ ၁၃၄ တောင့်ကျည်ဘောက် ၅ ခု နှင့် အတူ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ ထံ အလင်းဝင်လာကြောင်း CDF-မတူပီ တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လက်နက် ယူဆောင်လာပြီး အလင်းဝင်လာသော စစ်သား ၂ ဦးကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ တပ်ဖွဲ့က ဆုငွေ ကျပ်သိန်း ၆ဝ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။