25 C
Yangon

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

Must read

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၇

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၄ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် တနင်္သာရီမြို့နယ်ရှိ သိန္ဓောစခန်းကို ရိက္ခာဖြည့်တင်းပြီး ခမရ ၅၆၁ တပ်ကို ပြန်လာသော အင်အား ၈၀ ကျော်ပါ ခြေလျင်စစ်ကြောင်းကို ဘန်ကျုတ်ကျေးရွာအနီး အရောက်၌ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် အပြန်အလှန်ထပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင်၊တပ်ရင်း-၂၊ တပ်ခွဲ ၁ ၊ နှင့် တနင်္သာရီ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အင်းအား ၈၀ ကျော်နဲ့ မခရ ၅၆၁ တပ်ကနေ သိန္ဓောစခန်းကို ရိက္ခာသွားဖြည့်တာပါ၊ အပြန်မှာ ကြား ဖြတ်တိုက်ခဲ့တာ၊ ပိတ်မိနေတော့ ရက်ဆက်သွားတာဗျ၊ စုစုပေါင်း ၆ ဦးသေတယ်၊ အခုက ခမရ ၅၆၁ တပ်ထဲကို ရောက်သွားပါပြီ၊ စစ်ကြောင်းပြန်ထိုးဖို့ စီစဉ်နေကြပါတယ်” ဟု မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင်လည်း တနင်္သာရီမြို့နယ်၊ ကျွဲ ထိန်းကုန်းကျေးရွာနှင့် ကဏန်းကွင်းကျေးရွာ အကြား၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၅ နာရီကျော် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ၆၀ မမ ဗုံးသီး ၇ လုံးနှင့် MA1 ကျည်အိမ် တစ်ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း၂၊ တပ်ခွဲ ၁၊ တနင်္သာရီမြို့နယ် (ပကဖ) နှင့် မြိတ်မြို့နယ် (ပကဖ)အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း ထပ်မံစစ်ကြောင်းထိုးရန် အကြမ်းဖက် စစ်ကောင်စီတပ်သားများက စစ်ရေး ပြင်ဆင်နေပြီး ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသနေ ပြည်သူများ၊ ခရီးသွား ပြည်သူများ အနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြပါရန် မြိတ်ခရိုင် တပ်ရင်း ၂ က ထုတ်ပြန်ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article