ရန်ကုန်၊ ဇူလိုင် ၁၂
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ရှောင်တဲများကို လိုက်လံ မီးရှို့ဖျက်ဆီးနေကြောင်း Wetlet Informational Network ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ အရှေ့မြောက်ခြမ်းရှိ ရှားကွဲရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာ အနောက်ဘက်ရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော တောတိုက်တဲများကို လိုက်လံ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဇူလိုင်လ ၄ ရက်နေ့ကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ သစ်ဆိပ်ကျေးရွာအတွင်း ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်ကလည်း ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက ရှားကွဲရွာထဲကနေ ထွက်ပြီးတော့ စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးသွားတာ အခုထိ စစ်ခွေးစစ်ကြောင်းက ရွာနားမှာ ပတ်နေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်လည်း စစ်တပ်က စစ်ကြောင်းက လက်ရှိချိန်ထိ ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ပြည်သူများ နေရပ်မပြန်နိုင်သေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၈ ရက်နေ့မှ စတင်ပြီး ချောင်းမ-ကနီ လမ်းပိုင်းကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်ထိ ချောင်းမရွာတွင် တပ်စွဲထားပြီး အနီးအနားရှိ ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ ဝင်ရောက်စီးနင်းခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။
ထိုစစ်တပ် စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ခုကျော်မှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်နေကြောင်း၊ လက်ရှိချိန်သည် မိုးရာသီဖြစ်သောကြောင့် ဆေးဝါးများလည်း လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက ချောင်းမရွာထဲမှာရှိနေတော့ ပြည်သူတွေလည်း ဘယ်သူမှ ရွာထဲပြန်မဝင်ရဲသေးဘူး။ အခုပြည်သူတွေက စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်။ မိုးရာသီဆိုတော့ ပိုဆိုးတာပေါ့။ အမိုးအကာတွေကအစ လိုအပ်နေတယ်။ စစ်ခွေးတွေက လည်း အနီးအနားက ရွာတွေကို ဒရုန်းတွေနဲ့ ဆက်တိုက်ကို ဗုံးကျဲ တိုက်ခိုက်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဇူလိုင်လ ၁၁ ရက်နေ့ကလည်း စစ်တပ်က Mi-35 စစ်ရဟတ်ယာဉ်ဖြင့် ကနီမြို့နယ်၊ ဇီးပင်တွင်းရွာနှင့် အောင်မင်္ဂလာရွာ အကြားရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာအနီးကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။




