မြင်းခြံမြို့နယ်၊ ပျားရွာကို စစ်တပ်က စီးနင်းပြီးနောက် အသက် ၁၅ နှစ်အရွယ် လူငယ် ၁ ဦး အပါအဝင် လူငယ် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်
ရန်ကုန်၊ နိုဝင်ဘာ ၈
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားရွာကို စစ်တပ်က စီးနင်းပြီးနောက် အသက် ၁၅ နှစ်အရွယ် လူငယ် ၁ ဦး အပါအဝင် လူငယ် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
နိုဝင်ဘာလ ၇ ရက်နေ့နံနက် ၅ နာရီကျော်ခန့်တွင် မြင်းခြံမြို့နယ်၊ ပျားရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က အနီးအနားရှိ ပျားရွာကို ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့သောကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် မရွှင်းလဲ့ချို သေဆုံးခဲ့ကြောင်း ၊ ယင်းနောက် စစ်တပ်က အသက် ၁၅ နှစ်အရွယ် လူငယ် အပါအဝင် လူငယ် ၅ ဦးကိုဖ မ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
“မနေ့က စစ်တပ်က လူငယ် ၅ ဦးကို ဖမ်းသွားပြီး သတ်ပစ်တယ်။ လူငယ်တွေက ကိုဂျစ်တူး၊ ကိုရဲဝင်း၊ ကိုကျော်မင်းသန့်
မောင် ပြည့်ဖြိုး၊ မောင်ထက်မြတ်အောင်တို့ဖြစ်ပါတယ်။ အဲဒီမှာ မောင်ထက်မြတ်အောင်က အသက် ၁၅ နှစ်ပဲရှိသေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ပျားကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာနေပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကာ စစ်ကြောင်းသည် ရွာထဲ၌ တပ်စွဲထားကြောင်း သိရှိရသည်။
“ပျားရွာ အနီးအနားမှာ နံနက် ၅ နာရီ ခွဲလောက်က တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေက အရှေ့ဘက်ကနေ ရွာထဲကို သေနတ်တွေ ပစ်ခတ်ပြီး ဝင်လာတဲ့အချိန် ထွက်ပြေးဖို့ လုပ်နေတဲ့ မရွှင်းလဲ့ချိုနဲ့ မိခင်ဖြစ်သူကို စစ်ခွေးတွေက လှမ်းပစ်လို့ ကလေးငယ် ပွဲချင်းပြီး သေဆုံးသွားတယ်။ မိခင်လည်း ကျည်ထိမှန်ဒဏ်ရာတွေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။