နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်စခန်းပေါင်း ၁၅၀ ခန့် သိမ်းပိုက်ထားနိုင်ပြီဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကြေညာ၊ ရခိုင်ဒေသတွင် စစ်ကောင်စီ၏ ရန်စမှုကြောင့် ၁၀၂၇ စစ်ဆင်ရေး အစအခြေအနေ ရောက်ရှိနေဟုဆို
ရန်ကုန်၊ နိုဝင်ဘာ ၉
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ပေါင်း ၁၅၀ ခန့်ကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန် ကြေညာသည်။
၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲလာခဲ့သည့် ၁၂ ရက်မြောက်နေ့အထိ အကြမ်းဖက် စစ်ကောင်စီ၏ စစ်သေနင်္ဂ ဗျူဟာအရ အရေးပါသော ဗျူဟာကုန်းများ၊ စခန်းကြီး၊ စခန်းငယ်များ၊ ကာကင်းများ၊ ရဲဘက်၊ အုပ်ချုပ် ရေးဘက်ဆိုင်ရာစခန်းများ၊ ၎င်းတို့၏ လက် အောက်ခံ ပြည်သူ့စစ်စခန်းများ အပါအဝင် တပ်စခန်း စုစု ပေါင်း ၁၅၀ ခန့်အား သိမ်းပိုက်ရရှိခဲ့ပြီး သံချပ်ကာနှင့်တင့်ကား ၇ စီးနှင့် ဟောင်ဝစ်ဇာလက်နက်ကြီးများ၊ စစ်ကား များအပါအဝင် လက်နက်ခဲယမ်းပေါင်းစုံ သိမ်းဆည်းရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကိုးကန့်၊ တုန်းရှမ်းဒေသရှိ စစ်ကောင်စီ၏ “ပန်းဝါစခန်း” ၊ ဟုန်ရှင်း (မော် ထိုက်) ဒေသ၊ ရှင့်ထန်ကျေးရွာအုပ်စု၊ တာကျိုင့်တောင်အောက် ခြေရှိ စစ်တပ်စခန်း၊ ဟုန်ရှင်းဒေသရှိ ကော်ကြာတုနှင့် ရှီးရှမ်းဒေသ၊ မန်လော်ကျေးရွာ အုပ်စု၊ တာပတုတံတား၏ တစ်ဘက်ခြမ်းတွင်ရှိသော “ပန်လုံတောင်စခန်း” စသည့် စစ်ကောင်စီ တပ်စခန်းများကို ကိုးကန့်တပ်မတော် (MNDAA)မှ အပြီး သတ် ချေမှုန်းသိမ်းပိုက်ခဲ့နိုင်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ၏ “မုံးကိုးဗျူဟာကုန်း”ကို ကိုးကန့်တပ်မတော် (MNDAA)က ခြေလျင်တပ်ဖြင့် စတင်ထိုးစစ်ဆင်ခဲ့ရာ မွန်းတည့် ၁၂ နာရီ မိနစ် ၄၀ အချိန်တွင် အပြီး သတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၎င်းစခန်းကို နိုဝင်ဘာလ ၅ ရက်နေ့ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ ရက်တိုင်တိုင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ အသက်၊ သွေး၊ ချွေး၊ လုံ့လအား တို့ဖြင့် ပေးဆပ်ခဲ့ရသော စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် မူပန် (သိန္နီ) ခရိုင်၊ ဟိုပင်ကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ “ ၆၈ ဗျူဟာကုန်း” တွင် ကားရပ်နားသည့်နေရာ၊ အမြောက်စခန်း၊ မိုင်းတင်လက်ဖက်တောင်ကုန်းရှိ ရန်သူ့ စခန်း (၁) ၊ (၂) ၊ (၃) ၊ နန်ဖိုင်ကျေးရွာအုပ်စုတွင် ရန်သူစစ်ကောင်စီအခြေချတပ်စွဲထားသော “တပ်ရင်း ၂၉၁” နှင့် ဟိုပင် ကျေးရွာအုပ်စုရှိ “မာချီနောစခန်း” စသည့် စစ်ရေးအရအရေးပါသော ရန်သူ့စခန်းများကို ကိုးကန့် တပ်မ တော် (MNDAA)မှ ဒရုန်းစစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် မိုင်းပေါ်ဒေသရှိ စစ်ကောင်စီ၏ “မိုက်ဖန်တပ်စခန်း”ကို ကိုးကန့်တပ်မ တော် (MNDAA) နှင့် ဒေသလုံခြုံရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၇ ရက်နေ့၊ ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ ၂ စစ် ဒေသ၊ နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်အနီးဝန်းကျင်တွင် ရန်သူစစ်ကောင်စီ၏ တပ်စခန်းကို တအာင်း တပ်မတော် (TNLA) နှင့် MDY PDF တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့၊ နံနက် ၅ နာရီ ၂၅ မိနစ် အချိန် ကိုးကန့်တပ်မတော် (MNDAA) က ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ သိမ်းပိုက်ရရှိခဲ့ပြီးသော ပန်းဝါစခန်း၏ တောင်ဘက်ခြမ်း တွင်ရှိသည့် “မာလီလင်စခန်း” အား စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၃ နာရီနီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နံနက် ၈ နာရီ ၁၀ မိနစ် အချိန်ခန့်တွင် အဆိုပါစစ်တပ်စခန်းကို အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၈ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်ခန့် တအာင်းတပ်မတော် TNLA နှင့် MDY PDF တို့ ပူးပေါင်းပြီး နောင်ချိုမြို့နယ်၊ ရွှေညောင်ပင် ကျေးရွာအနီးရှိ ရန်သူ့စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ “စခန်းသစ်ကုန်း” ကို တအာင်းတပ်မတော် (TNLA) က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့နယ်၊ ကောလင်းမြို့နယ် အပါအဝင် အဆိုပါမြို့နယ်များနှင့် ဆက် စပ် ဒေသများတွင် ရက္ခိုင့်တပ်တော် (AA) ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် PDF များပူးပေါင်းကာ စစ်ဆင်ရေး ဆက်လက်ဖော်ဆောင်လျက်ရှိကြောင်း မြောက် ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကထုတ်ပြန်ထားသည်။
ထို့ပြင် ရက္ခိုင်ဒေသတွင်း မြို့နယ်အချို့တွင် စစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းများမှ လက်နက်စမ်းသပ်၊ ခြောက်လှန့်ပစ်ခတ်မှုများကို လစဉ်နီးပါး ဆက်တိုက်လုပ်ဆောင်လာနေသည်မှာလည်း ရက္ခိုင်ဒေသ ၁၀၂၇ စစ်ဆင်ရေး၏ အစဟုပင် ပြော၍ရကြောင်း မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့က ပြောဆိုသည်။
