28.5 C
Yangon

ခင်ဦးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော အထိုင်စခန်း ၃ ခုမှ စစ်ကောင်စီ တပ်သားများ ရေဦးမြို့ပေါ်ကို ဆုတ်ခွာထွက်ပြေး

Must read

ခင်ဦးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော အထိုင်စခန်း ၃ ခုမှ စစ်ကောင်စီ တပ်သားများ ရေဦးမြို့ပေါ်ကို ဆုတ်ခွာထွက်ပြေး

ရန်ကုန်၊ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲ ထားသော အထိုင်စခန်း ၃ ခုမှ စစ်ကောင်စီ တပ်သားများသည် ရေဦးမြို့ပေါ်ကို ဆုတ်ခွာထွက်ပြေးသွားကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်းတွင် ခင်ဦးမြို့နယ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ရွာသစ်ကုန်းကျေးရွာ အထိုင်စခန်းနှင့် ရေဦးမူးမြစ်ကူးတံတား အရှေ့ထိပ် အင်းပတ်ကွေ့ အထိုင်ချ စခန်းများရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ညတွင်းချင်း စွန့်ခွာ ထွက်ပြေးသွားကြောင်း ခင်ဦးမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ အင်းပတ်ကွေ့ အထိုင်စခန်းတွင် ဘန်ကာ ၁၁ လုံးနှင့် ရွာသစ်ကုန်းကျေးရွာရှိ အထိုင်စခန်းတွင် ဘန်ကာ၊ ကတုတ်ကျင်း၊ အဆောက်အဦး ၃၂ လုံးရှိကာ စစ်သားနှင့် ပျူစောထီး စုစုပေါင်း ၈၀ ကျော်ဖြင့် တပ်စွဲခဲ့သော နေရာဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ခင်ဦးမြို့နယ်ပကဖ၊ တိုက်နယ် ၂ နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး ရေဦး မူးမြစ်ကူးတံတား အရှေ့ဘက်ကမ်းထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၄ ရက်နေ့ ညပိုင်းကလည်း ခင်ဦး-ရေဦး ကားပိုင်းဘေးရှိ မူးတိမ် ချောင်းတံတားအနီး အင်အား ၄၀ ခန့် ဘန်ကာ ၁၆ လုံးဖြင့် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများလည်း စခန်းမှ စွန့်ခွာကာ ရေဦးမြို့ကို ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

ခင်ဦးမြို့နယ်ရှိ မကျီးတုံ ၊ မဒေါင်းလှ၊ ပျဥ်ထောင်၊ ရွာသစ်ကုန်း ရွာ ၄ ရွာနှင့် မူးတိမ်ချောင်းတံတား၊အင်းပတ်ကွေ့ စသည့် ၂ နေရာတွင် အကြမ်းဖက် စစ်တပ်က တပ်စွဲထားသည်မှာ ၂ နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်က မူးတိမ်ချောင်းစခန်း၊ ရွာသစ်ကုန်းရွာစခန်းနှင့်အင်းပတ်ကွေ့ စခန်း ၃ ခုလုံးကို စွန့်ခွာ ထွက်ပြေးသွားသောကြောင့် ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ဒေသခံပြည်သူအချို့ နေရပ်ပြန်နိုင်ကြပြီး ၂ နှစ်ကျော် စိုက်ပျိုးမလုပ်ကိုင်ရသည့် လယ်ယာမြေများ လုပ်ကိုင်နိုင်ပြီးဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာ ၃၀ ရက်နေ့ကလည်း ခင်ဦးမြို့နယ် မကျီးတုံရွာရှိ ပျူစောထီးများကို ရွှေဘိုခရိုင်တပ်ရင်း ၃ ၊ မြို့နယ်ပကဖ ၊ ပလဖ တို့မှ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး BA 64 ၁ လက်၊ ကာဘိုင် ၄ လက်၊ ဂျောက်ဂျက်တွဲဘော ၂ လက်အပြင် အခြားပစ္စည်းများနှင့် ဘန်ကာများ ကင်းတဲများကို မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article