26 C
Yangon

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၆ ဦး ထိခိုက်ဒဏ်ရာရ

Must read

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၆ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် (လယ်ဒိုကော်ဆာ)ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ အတွင်း ရဟတ်ယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း လယ်ဒိုကော်ဆာ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁ ရက်နေ့ မှ ၃၁ ရက်နေ့ အထိ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ အမြောက်တပ်နှင့် ကြည်းတပ်များက လက်နက်ကြီးအလုံးရေ စုစုပေါင်း ၁၇၄ လုံး နှင့် လေတပ်မှ ဗုံး ၉ လုံး ကျဲချခဲ့ပြီး အော်လီဂန်း (လေယာဥ်ပစ် စက်သေနတ်အကြီး) ဖြင့် လည်း ၁၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၆ ဦး နှင့် နွား ၁၂ ကောင် ထိခိုက်ဒဏ်ရာ ရရှိကာ နွား ၂ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်သည့်အပြင် မတရားဖမ်းဆီး ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံခြင်း၊ ပြည်သူလူထုများ၏ ကား၊ ဆိုင်ကယ်၊ ဆောင်းဘောက်ကဲ့သို့သော တန်ဖိုးကြီးပစ္စည်းများကိုလည်း မတရားသိမ်းဆည်း ယူဆောင်သွားခြင်းများလည်းပြုလုပ်လျှက်ရှိကြောင်း၊ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူလူထုများ ထိပ်လန့်ကြောက်ရွံ့ဖွယ်ရာ အခြေအနေများ အကြား လူမှုဘဝလုံခြုံမှုကင်းမဲ့စွာ အသက်ရှင်ရပ်တည်နေထိုင်ရကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများ အပေါ် အကြမ်းဖက် စစ်တပ်များက လူ့အခွင့်အရေး ချိုးဖောက်မှုများသည် အာဏာသိမ်းသည့် အချိန်မှသာစတင်ပြီး ဖောက်ဖျက် ကျူးလွန်လာခြင်း မဟုတ်ဘဲ ယခင်ကာလများစွာကတည်းက နည်းလမ်း ပေါင်းစုံဖြင့် ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း၊ ပြည်သူများအပေါ် အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်း၊ မိုင်းထောင်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း ၊ ရပ်ရွာပြည်သူများကို လူသာဒိုင်းသဖွယ်အသုံးပြုခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး စစ်ဆေးခြင်းကဲ့သို့သော လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို ပို၍ကျူးလွန်လာကြောင်း သိရှိရသည်။

ပြည်သူလူထုအပေါ် ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေသော အကြမ်းဖက် စစ်တပ်နှင့် ၎င်းအာဏာသိမ်း အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုနေသော အဖွဲ့အစည်း လူပုဂ္ဂိုလ်များအား ပြင်းထန်စွာကန့်ကွက်ရှုံ့ချပြီး အကြမ်းဖက်မှုများကို ကျူးလွန်ခြင်း၊ အားပေးလှုံ့ဆော်နေခြင်းများကို ရပ်တန့်ရန်၊ အကြမ်းဖက် လုပ်ရပ်များကို တိုက်ရိုက်ခံစားနေရသော ပြည်သူများနှင့် စစ်ဘေးရှောင်နေရသော ပြည်သူများ၏ လုံခြုံမှုနှင့် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစသည်တို့အတွက် လိုအပ်နေသော လူသားခြင်းစာနာ ထောက်ထား မှုဆိုင်ရာ အကူအညီများကို နိုင်ငံတကာအဖွဲ့အစည်းများက ပေးအပ်ရန်၊ ပြည်တွင်းပြည်ပ တွင်ရှိသော တိုင်းရင်းသား ပြည်သူများနှင့်တကွ ပြည်သူများကို ကိုယ်စားပြုသည့် အရပ်ဖက်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများ နှင့် လူ့အခွင့်ရေးဆိုင်ရာ အဖွဲ့ အစည်းများမှလည်း စစ်ကောင်စီတပ်က ပြည်သူလူထုများအပေါ် ပစ်မှတ်ထားအကြမ်းဖက် တိုက်ခိုက် နေမှုများကို ချက်ချင်းရပ်တန့်ပြီး ပြန်လည်ရုပ်သိမ်းရန်အတွက် ပို၍ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လယ်ဒိုကော်ဆာ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီက တောင်းဆိုထားသည်။

Photo – ပဲခူတိုင်းအတွင်း စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article