စစ်ကောင်စီက မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများညီလာခံ ပြင်ဆင်ရေးအတွက် အသုံးပြုနေတဲ့ Gmail အကောင့်ကို ပိတ်ပစ်ဖို့ တောင်းဆိုမှုများရှိနေ
ရန်ကုန်၊ ဇီဇင်ဘာ ၆
နေပြည်တော်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့ ကျင်းပဖို့ စီစဥ်နေတဲ့ မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးအဆင့် ညီလာခံအတွက် စစ်ကောင်စီက အသုံးပြုနေတဲ့ Gmail အကောင့်ကို ပိတ်ပစ်ဖို့ Google ကုမ္ပဏီကို တောင်းဆိုမှုများ ရှိနေတယ်လို့ သိရပါတယ်။
အမေရိကန်က စစ်ကောင်စီကို ပိတ်ဆို့အရေးယူထားပေမယ့် အကြမ်းဖက်စစ်ကောင်စီကတော့ နိုင်ငံတကာ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့နေရာမှာ Gmail အကောင့်တွေနဲ့ အခြားသော Google ဝန်ဆောင်မှုများကို ဆက်လက်မှီခို အသုံးပြုနေတာပါ။။
မြန်မာ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ ပါဝင်တဲ့ မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများ ညီလာခံကို နေပြည်တော်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့ ကျင်းပဖို့ စီစဥ်နေပြီး၊ အဲဒီညီလာခံ ပြင်ဆင်ရေးနဲ့ ပတ်သက်သည်များအတွက် စစ်ကောင်စီက [email protected] ဆိုတဲ့ gmail အကောင့် ကို ပြုလုပ်အသုံးချနေတာပါ။
ဒါနဲ့ပတ်သက်ပြီး အမည်မဖော်လိုသူ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက Google ကုမ္ပဏီထံ စာရေးပြီး စစ်ကောင်စီ အသုံးပြုနေတဲ့ အဆိုပါ Gmail အပါအဝင် အခြား google ဝန်ဆောင်မှုတွေကိုပါ ပိတ်ပစ်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ အကြမ်းဖက်အာဏာသိမ်းမှု စတင်ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီကို အရေးယူဖို့အတွက် Google ကုမ္ပဏီကို ပြည်တွင်း ပြည်ပက မြန်မာ့အရေး လှုပ်ရှားသူများက ဖိအားပေးခဲ့ကြရပါတယ်။
အဲဒီရဲ့အကျိုးဆက်အဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘလောဂါအကောင့်နဲ့ Play Store က စစ်တပ်နဲ့ ပတ်သက်နေတဲ့ အက်ပ်အချို့ ပိတ်ပင်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် မြဝတီ ဘလော့ဂါအကောင့်နဲ့ Play Store က Mytel ရဲ့ အက်ပ်တွေကတော့ ဆက်လက်ရှိနေဆဲဖြစ်တယ် လို့ အဆိုပါ လူငယ်က ဆိုပါတယ်။
စစ်ကောင်စီကို အရေးယူဖို့အတွက် Google ကို ဖိအားပေးမှုတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ Google ရဲ့ အရေးယူဆောင်ရွက်မှု မရှိတာတွေဟာ စစ်ကောင်စီရဲ့ ရာဇ၀တ်မှုတွေကို အားပေးအားမြှောက်ပြုရာ ရောက်နေသလို၊ အဆိုပါရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်ရာ ရောက်သွားမှာ ဖြစ်တယ်လို့လည်း ၄င်းက ဆက်ပြောပါတယ်။
ဒီလိုဖိအားတွေ ပေးနိုင်ဖို့အတွက် မြန်မာ့အရေးလှုပ်ရှားနေသူများအနေနဲ့ စစ်ကောင်စီဟာ Google ထုတ်ကုန်များကို အသုံးပြုနေကြောင်းနှင့် အဲဒီအပေါ် အရေးယူမှုများ ပြုလုပ်ပေးစေလိုကြောင်းများကို Google ကုမ္ပဏီထံ ဆက်သွယ် ဖိအားပေးတောင်းဆိုကြဖို့ကိုလည်း ၄င်းက ဆက်လက်တိုက်တွန်းပြောကြားခဲ့ပါတယ်။
