ရန်ကုန်၊ မတ် ၃ဝ
မကွေးတိုင်း၊ မြိုင်၊ ပခုက္ကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ခင်ဦး၊ ဝက်လက်နှင့် ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းနှင့် ပျူစောထီး အဖွဲ့ဝင်များ လမ်းပြလုပ်ပြီး ခေါ်ဆောင်လာသော စစ်ကြောင်းများ တိုက်ခိုက်ခံရကာ စစ်သားနှင့် ပျူစောထီး ၉ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မကွေး၊ မြိုင်မြို့နယ်
===========
မကွေးတိုင်း၊ မြိုင်နယ်၊ ဆူးဝင်းလမ်းခွဲအနီး၊ မြိုင် – ဗဟင်းလမ်းမကြီးပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ မတ်လ ၃ဝရက်နေ့ နံနက် ၇နာရီ ၃ဝမိနစ်တွင် လက်နက်ကြီး လက်နက် ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး စစ်သား ၅ဦး သေဆုံးခဲ့ကြောင်း Myaing Villages Revolution Front တပ်ဖွဲ့ထံမှသိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို Myaing Villages Revolution Front ( MVRF ) တပ်ဖွဲ့က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှလည်း ပြန်လည် ပစ်ခတ် ခဲ့သောကြောင့် MVRF တပ်ဖွဲ့ဝင် ၁ဦး ထိခိုက် ဒဏ်ရာရရှိကာ စစ်သား ၅ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မကွေး၊ ပခုက္ကူမြို့နယ်
=============
မကွေးတိုင်း ပခုက္ကူမြို့နယ် ကျွန်းချောင်း-ဆိပ်ဖြူလမ်းပိုင်းရှိ ဒဲ့ပြားရွာ အနီးနှင့် အရှေ့ကမ်းဖြူ ကျေးရွာအနီးတို့တွင် ယနေ့ မတ်လ ၃ဝရက်နေ့ နံနက် ၄နာရီခန့်နှင့် ၅နာရီ ၃ဝမိနစ်ခန့်တို့တွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်း များကို မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကားများကို မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်း ၄လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းထိမှန်သော စစ်ကားများကို စစ်တပ်က ပြန်ဆွဲသွားကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးရှိမရှိသေးကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
စစ်ကိုင်း၊ ခင်ဦးမြို့နယ်
=============
စစ်ကိုင်းတိုင်း ခင်းဦးမြို့နယ် ယောက်သွားအိုင်ရွာတောင်ဘက်မှ ကုလားလူး ကျေးရွာဘက် တက်လာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို မတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးပြင်းထန်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် အလယ်ရှို ကျေးရွာတွင် ညအိပ်ပြီး ယောက်သွားအိုင်ရွာ တောင်ဘက်မှ ကုလားလူးကျေးရွာဘက် တက်လာစဉ်၌ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကိုင်း၊ ဝက်လက်မြို့နယ်
===============
စစ်ကိုင်းတိုင်း ဝက်လက်မြို့ အရှေ့တောင် ရှိမ်းမကားလမ်းပိုင်းတွင် မတ်လ ၂၈ ရက်နေ့ နံနက် ၇နာရီ ၁၅ မိနစ်ခန့်က ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ထားသော နေရာကို ပျူစောထီးအဖွဲ့ဝင် ၂ဦးက လာရောက် ရှင်းလင်းစဉ် ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ပျူစောထီးအဖွဲ့ဝင် ၂ဦးကို ဝက်လက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ရှင်းလင်းရေး လုပ်ဆောင်ရန် စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် နတ်တောင်နဂါး (ပ က ဖ) ပျောက်ကြားတပ်ဖွဲ့နှင့် (GHOST RIDER Spical Task Force BURMA)၊ (shwebo District BATTALION-(15) လင်းယုန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့က အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကိုင်း၊ ပုလဲမြို့နယ်
============
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးရွာနှင့် ကိုင်းတွင်းရွာကြားတွင် မတ်လ ၃ဝရက်နေ့ နံနက် ၉နာရီ ၂ဝမိနစ်ခန့်က စတင်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် M7Force ဒေသခံကာကွယ်ရေး တပ်ဖွဲ့တို့ ၂နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီး ၂ဦးသေဆုံးကာ ၅ဦးပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း M7Force တပ်ဖွဲ့ထံမှသိရသည်။
Photo – AFP