မြိုင်မြို့နယ်၊ သာစည်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၅ လုံး မီးလောင်ပြာကျ၊ ဆီစက် ၂ လုံး၊ မြေပဲတင်း ၃၀၀ ကျော် ပျက်စီးပြီး ဆိတ် ၁၃ ကောင် မီးလောင် သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သာစည်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၅ လုံး မီးလောင်ပြာကျ၊ ဆီစက် ၂ လုံး၊ မြေပဲတင်း ၃၀၀ ကျော်ပျက်စီးပြီး ဆိတ် ၁၃ ကောင် မီးလောင် သေဆုံးခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မြိုင်မြို့နယ်၊ တောင်ပိုင်း တွင်းမရွာ ပျူစခန်းမှ ပျူစောထီးများနှင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် သာစည်ရွာရှိ ပြည်သူပိုင် နေအိမ် ၅၅ လုံး ပြာကျပြီး ဆီစက် ၂ လုံး၊ မြေပဲ တင်း ၃၀၀ ကျော်တို့ ပျက်စီးပြီး ဆိတ် ၁၃ ကောင် မီးလောင် သေဆုံးခဲ့ကြောင်းသိရသည်။
မြိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများ၊ ပျူစောထီးစခန်းများကို ခဲယမ်း ရိက္ခာ ဖြည့်တင်းရန် ပခုက္ကူမြို့မှ ထွက်လာသော စစ်တပ်၏ ရိက္ခာကား ယာဥ်တန်းသည် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မြိုင်မြို့နယ် တောင်ပိုင်းရှိ တွင်းမရွာ ပျူစောထီး စခန်းကို ရောက်လာပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် တွင်းမရွာမှ သရက်ကန် ပျူစောထီး စခန်းကို ဆက်လက် ပို့ဆောင်ရန်ထွက်ခွာလာစဥ် ရှေ့ပြေးကင်း အဖွဲ့ကို တွင်းမရွာနှင့် သာစည်ရွာအကြား တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည့်အတွက် သာစည်ရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်နှင့် တွင်းမရွာ ပျူစောထီးများ မီးရှို့ဖျက်ဆီးသွားသည့် သာစည်ရွာသည် ၂၀၂၂ ခုနှစ် ၊ ၆ လပိုင်း ၊ ၆ ရက်နေ့ကလည်း တွင်းမရွာပျူစောထီးများနှင့် အကြမ်းဖက် စစ်တပ်မက ပထမအကြိမ် မီးရှို့ ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။


