စက်သုံးဆီခွဲတမ်း PO ကို ၃ ရက်အတွင်း ထုတ်ယူရန် စစ်တပ်က သတ်မှတ်မှု ဆီဆိုင်များ ဆီထုတ်မရတော့ ၊ စက်သုံးဆီ ပြတ်လပ်မှု ဖြစ်ပေါ်နိုင်ဟု ကုမ္ပဏီတချို့က တင်ပြထား
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
ရန်ကုန် သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီခွဲတမ်း (Purchase Order-PO) ကို ဒီဇင် ဘာလ ၂၀ ရက်နေ့မှစတင်၍ ၃ ရက်အတွင်း ထုတ်ယူရမည်ဟု စစ်ကောင်စီက ပြောင်းလဲသတ်မှတ်လိုက်သဖြင့် ဆီထုတ်ရာတွင် အခက်အခဲများ ဖြစ်ပေါ်ပြီး အချိန်မီ ဆီမထုတ်နိုင်သဖြင့် နယ်ဆီဆိုင်များနှင့် ရန်ကုန်ဆီဆိုင်များ ဆီပြတ် လပ်မှုများ ဖြစ်ပေါ်လာနေကြောင်း ဆီလုပ်ငန်းရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့မှစတင်၍ စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက Normal Purchase Order-PO များကို ပျှမ်းမျှ ၃ ရက်အတွင်း အပြီး ဆီထုတ်ယူရမည်ဖြစ်ကြောင်း၊ ဆီမထုတ်ယူနိုင်လျှင် အဆိုပါ ဆီခွဲတမ်း PO များကို ပယ်ဖျက်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
“နယ်ဆီသမားတွေက ဆီဘောက်ဆာနဲ့ ဆီထုတ်ဖို့အတွက် တန်းစီရတယ်။ အဲဒီမှာတင် ၃ ရက်က အသာလေးပဲ။ အခု ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ဦး စားပေး ၃ မြို့ပြီးမှ နယ်တွေက ဆီရတာ။ နောက်တစ်ခါ ဆီခွဲတမ်းကို ဝယ်ပြီးရင်လည်း နယ်တွေဆီ တစ်ခါတည်း သယ်သွားလို့မရဘူး။ ဆီသယ်ယူခွင့် ထောက် ခံချက် မျောစာ ထုတ်ရတယ်။ အဲဒါမပါရင်လည်း နယ်တွေကို သယ်ခွင့်မပေးဘူး။ အဲဒီတော့ အခု ဆီခွဲတမ်း PO ကို ၃ ရက်ပဲပေးတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ၃ ရက်အတွင်း မထုတ်ရင် ဆီခွဲတမ်း ပယ်ဖျက်တော့ နယ်တွေမှာ ဆီက ပြတ်ပြီးရင်း ပြတ်ပဲ ဖြစ်နေတယ်” ဟု နယ်ဆီလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။
အခြားနယ်ဆီသမားတစ်ဦးကလည်း “PO သက်တမ်း ၃ ရက်ဆိုရင် ရေရှည်မှာ လုံးဝ အချိန်မမီနိုင်ဘူး။ PO တွေ cancel ဖြစ်လာမှာပဲ။ နယ်ဆိုင်တွေကို ဒီလိုမျိုးဖြစ်အောင်လို့ တမင်လုပ်နေတာလားလို့တောင် ထင်မိပါတယ်။ PO တွေကို တမင် Cancel ဖြစ်အောင် လုပ်နေတာ” ဟု သုံးသပ်ပြောဆိုသည်။
နယ်ဆီဆိုင်များသာမက ရန်ကုန်ရှိ ဆီဆိုင်များကလည်း ဆီခွဲတမ်း PO ကို ၃ ရက်အတွင်း ထုတ်ယူခိုင်းသည့် အပြောင်းအလဲ သတ်မှတ်မှုသည် အဆင်မပြေကြောင်း၊ ရန်ကုန်မှ စက်သုံးဆီရောင်းချနေသည့် နာမည်ကျော်ကုမ္ပဏီက 92 ဓာတ်ဆီလီတာ ၁ သန်းကျော် သတ်မှတ်အချိန်အတွင်း အချိန်မီ မထုတ်ယူနိုင်သဖြင့် ဆီပြတ်လပ်မှု ဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအနေ ဖြင့် ဖြေရှင်းပေးရန် ယနေ့တွင် တင်ပြထားကြောင်း သိရှိရသည်။
“အခုက ဖြစ်နေတာက စက်သုံးဆီ လုံလုံလောက်လောက် မရှိတာကို စစ်ကောင် စီက ဝန်မခံတာ။ ဆီခွဲတမ်း Po သက် တမ်း ၃ ရက်ပဲပေးပြီး နယ်တွေ ဆီမရောက်အောင် လုပ်တာက အစ။ ပြဿနာအရင်း အမြစ်က ဆီလုံလုံလောက်လောက် မသွင်းနိုင်တာ။ အဲဒါကို လှည့်ပတ်ပြီး ကျပ်နေတာ”ဟု ရန်ကုန်စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်၍ စစ်ကောင်စီက ဆီတင်သွင်းသူများ အပါအဝင် သွင်းကုန်တင်သွင်းသူများကို ဒေါ်လာ ရောင်းချမပေးတော့ဘဲ မိမိအစီအစဉ်ဖြင့် ဝယ်ယူရန်၊ စျေးကွက်တွင် အမေရိကန်ဒေါ်လာကို စျေးကွက် ဝယ်လိုအားနှင့်ရောင်းလိုအားပေါ်မူတည်၍ စျေးကွက်ပေါက်စျေးဖြင့် ရောင်းဝယ်ကြရန် ညွှန် ကြားချက် ထုတ်ပြန်ခဲ့သည်။