ဘူးသီးတောင်မြို့ကို စစ်တပ်က ကုန်လမ်း၊ ရေလမ်း သွားလာခွင့် ပိတ်ထားသောကြောင့် ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကို စစ်တပ်က ကုန်လမ်း၊ ရေလမ်း သွားလာခွင့် ပိတ်ထားသောကြောင့် ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဘူသီးတောင်မြို့ကို အကြမ်းဖက် စစ်တပ်က ကုန်းလမ်း၊ ရေလမ်းသွားခွင့် ပိတ်ထားသောကြောင့် လက်ရှိချိန်တွင် ကြက်သွန်နီ ၁ ပိဿာ ၅၀၀၀၀ ကျပ် ၊ ကြက်သွန်ဖြူ ၁ ပိဿာ ၆၀၀၀၀ ကျပ် ၊ စားဆီ ၁ လီတာ ၁၈၀၀၀ ကျပ် ၊ ငရုတ်သီး ၁ ပိဿာ ၁၀၀၀၀၀ ကျပ် နှင့် စက်သုံးဆီ ၁ လီတာ ၂၇၀၀၀ ကျပ်ထိ စျေးနှုန်း အဆမတန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
” ကုန်လမ်းရေလမ်း လုံးဝကို ပိတ်လိုက်ပါပြီ ၁ လခွဲပြီး လုံးဝ ပစ္စည်းဝယ်လို့မရပါဘူး။ လူတွေက ဘာမှာ အလုပ်လည်း လုပ်လို့မရပါဘူး။ ရှေ့ဘယ်နှရက်လောက်ထိ ဒီလိုတွေ ပိတ်ထားမယ်ဆိုတာ မသိပါဘူး။ ဒီမှာကလူဆင်းရဲသားနဲ့ ချမ်းသားတဲ့ သူလည်း တူတူဖြစ်သွားပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ရခိုင်တပ်တော် AA တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်က အရပ်သား ပြည်သူများကိုပါ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပိုမိုဖိနှိပ်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။