မြောက်ဦးမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ
ရန်ကုန်၊ ဒီဇင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြို့မရဲစခန်းရှေ့တောင်တန်းများကို အကြမ်းဖက် စစ်တပ်က ယနေ့ ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းခန့်တွင် တိုက်လေယာဥ်ဖြင့် လာရောက် ဗုံးကျဲခဲ့ပြီး မီးလောင်နေကြောင်း ဒေသတွင် သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင့် စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးရောက်ရှိလာပြီး မြို့၏မြောက်ဖက်ရှိ ရက္ခိုင့်တပ်တော်မှ သိမ်ယူထားသည့် သူတော်မတောင်နှင့် အနီးရှိတောင်တန်းများကို ဗုံးကြဲခဲ့သည်ဟု မျက်မြင် ဒေသခံတစ်ဦးကပြောသည်။
“ဂျက်ဖိုက်တာတစ်စီးရောက်လာပြီး သူတော်မတောင်နဲ့ ဆေးရုံရှေ့ကတောင်တန်းတွေကိုပစ်သွားတယ်။ ပထမတော့ ဗုံးချတယ်ထင်။ နောက်တော့ တောက်လျှောက်ပစ်သွားတာကြားလိုက်တယ်။ မီးလောင်နေတာတွေ တစ်လျောက်ဖြစ်နေတယ်” ဟုပြောသည်။
လေယာဥ်မှ ဗုံးကြဲမှုမှာ ၄ ကြိမ်ခန့်ဖြစ်ပြီး မြို့တွင်းသို့ဗုံး ရှိ မရှိကိုမှု မသိရသေးဘဲ တိုက်ပွဲ ဧရိယာဖက်သို့ပျံသန်းကာပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မြို့တွင်းရှိဒေသခံတစ်ဦးက ဆိုသည်။
“အကြိမ်ရေအားဖြင့် ၄ ချက်လောက်ကြားလိုက်ပါတယ်။ မြို့ကိုပတ်တယ်။ မြို့ပေါ်ကနေသွားပြီး တိုက်ပွဲဖြစ်တဲ့ သူတော်မတောင်ဖက်ကို သွားဗုံးကြဲတယ်” ဟုပြောသည်။
မြောက်ဦးအခြေနေမှာ မြို့မရဲစခန်းအနီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုရှိနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်များမှ လက်နက်ကြီးပစ်ကူခြင်းတို့ဆက်တိုက်ပြုလုပ်နေရာမှ ထပ်မံ၍ လေကြောင်းအသုံးပြုပစ်ခတ်လာခြင်းဖြစ်သည်။
နှစ်ဖက်တိုက်ပွဲစတင်သည့် ဒီဇင်ဘာ ၂၄ ရက်နောက်ပိုင်း ၃ ရက်တာအတွင်း မြောက်ဦးအခြေနေမှာ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရသူအများအပြားရှိနေကာ၊ နေအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုတို့လည်းရှိနေပြီး ဒေသခံများဖမ်းဆီးခံထားရမှုလည်းရှိထားသည်။
(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)