ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရ
ရန်ကုန်၊ ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ရွာ၌ အခြေစိုက် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က အပါးဟပ်စပ်ရပ်ရွာကို လက်နက်ကြီးဖြင့် ၇ ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် အကြမ်းဖက် စစ်တပ်က စေတီတောင်ရွာကို လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး ကျောင်းဆရာ ဦးထွန်းလှ နေအိမ် ၁ လုံး၊ ဦးဝင်းသိန်းဇော် နေအိမ်အနီး ၁ လုံးနှင့် ချောင်းတစ်ဖက်ရှိ ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင်ကမ်းနားကို ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ကျောင်းဆရာ ဦးထွန်းလှ နေအိမ် ကျရောက်ခဲ့သော လက်နက်ကြီးကျည်ကြောင့် အသက် ၁၃ နှစ်အရွယ် မောင်ချစ်ဦး၊ အသက် ၃၃ နှစ်အရွယ် ဦးဆာလာယာ၊ အသက် ၄၆ နှစ်အရွယ် ဒေါ်ငယ်မ နှင့် အသက် ၃၀ အရွယ် ဒေါ်အေဝိုင်ကျူ တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။