ရန်ကုန်၊ ဧပြီ ၃
အကြမ်းဖက်စစ်တပ်က FACT CHECK ဟု အမည်ပေးထားသည့် အဖွဲ့တစ်ခုကို လူမှုကွန်ရက်တွင် ထူထောင်ပြီး Khit Thit သတင်းဌာနအပါအဝင် သတင်းဌာနများက တင်ဆက်သည့် သတင်းများကို သတင်းမှားဟု ဝါဒဖြန့်ချိကာ အဆိုပါအဖွဲ့၏ လအလိုက် စစ်တမ်းများ ဌာနဆိုင်ရာများက မိတ္တူကူးထုတ်ပြန်ခြင်း၊ ယင်းစစ်တမ်းများကို စစ်တပ်အတွင်းနှင့်ကျောင်းသားကျောင်းသူများထံ လစဉ် ပေးပို့ ဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။
FACT CHECK အမည်ပေးထားသည့် အဖွဲ့ကို စစ်တပ်က ငွေကြေးထောက်ပံ့မှုပေးပြီး စစ်တပ်လော်ဘီ အမာခံများဖြင့် ယခုနှစ် ဇန်နဝါရီလအတွင်း ဖွဲ့စည်း၍ လွတ်လပ်သော သတင်းဌာနများ၏ သတင်းများကို သတင်းမှားများဟု ပုံဖျက်ခြင်း၊ ၁၅ ရက်တစ်ကြိမ် သတင်းမှား ထုတ်လွှင့်မှုဟု အမည်တပ်၍ စစ်တပ်များ ထုတ်ပြန်ခြင်းများ လုပ်ဆောင်လာကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
“စစ်တပ်ထဲမှာ အဲဒီFACT CHECK စစ်တမ်းတွေကို စစ်သည်တွေဆီကတစ်ဆင့် တပ်မိသားစုတွေဆီဝေတယ်။ ပထမတော့ အဲဒီဇယားကို စစ်သည်တွေက နားမလည်လို့ ပြန်မေးတယ်။ အရာရှိတွေက ရှင်းပြတယ်။ ခင်ဗျားတို့ ခေတ်သစ်ကတော့ FACT CHECK စစ်တမ်းမှာ သတင်းမှား အများဆုံး ထုတ်လွှင့်တယ်ဆိုပြီး နာမည်တပ်ထားတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။
FACT CHECK သည် တယ်လီဂရမ်လူမှုကွန်ရက်နှင့် ဖေ့ဘုတ်စ် လူမှုကွန်ရက်များတွင် Page ဖွင့်လှစ်၍ သတင်းဌာနများကို ပုံဖျက်နေကြောင်း၊ တယ်လီဂရမ်တွင် Follower ၁သောင်း၁ ထောင်ကျော်ရှိကြောင်း သိရှိရသည်။
ထို့ပြင် စာသင်ကျောင်းများ၊ YMBA က ဖွင့်လှစ်လျက်ရှိသည့် ယဉ်ကျေးလိမ္မာသင်တန်းများတွင်လည်း FACT CHECK က ထုတ်ပြန်သည့် အလိမ်အညာ ဝါဒဖြန့် စစ်တမ်းများကို ကျောင်းသားကျောင်းသူများထံ ဖြန့်ဝေ၍ သတင်းဌာနများသည် သတင်းမှားများ ထုတ်လွှင့်ပြီး တည်ငြိမ်ရေးနှင့်အေးချမ်းရေးကို ဖျက်ဆီးနေသည်ဟု သင်ကြားပို့ချမှုများရှိနေသည်ဟု သိရှိရသည်။
“ဖေဖော်ဝါရီလတုန်းက ကျောင်းတွေမှာ အဲဒီ သတင်းဌာနတွေကို သတင်းမှားထုတ်လွှင့်တယ်ဆိုတဲ့ စစ်တမ်းတွေကို ကျောင်းသားကျောင်းသူတွေဆီကို ဆရာ၊ ဆရာမတွေက ဝေတယ်။ ပြီးတော့ အိမ်က မိဘတွေဆီကို ပြန်ပေးဖို့ပါ မှာလိုက်တယ်” ဟု ရန်ကုန်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
FACT CHECK စစ်တမ်းများကို ဝန်ကြီးဌာနများအတွင်းတွင်လည်း ဖြန့်ဝေပြီး သက်ဆိုင်ရာ ဦးစီးဌာနအလိုက် ဆွေးနွေးပွဲပုံစံများလည်း ပြုလုပ်နေကြောင်း သိရှိရသော်လည်း အသေးစိတ်ကို ရန်ကုန်ခေတ်သစ်က ထပ်မံစုံစမ်းနေဆဲဖြစ်သည်။
အကြမ်းဖက် စစ်တပ်က တပ်အတွင်း စစ်သည်များနှင့် မိသားစုများထံ ဝေငှသည့် စည်းလုံးမှု မပြိုကွဲရေး အသိပေးကြေညာချက်များတွင်လည်း FACT CHECK အဖွဲ့၏ စစ်တမ်းများကို ကိုးကား၍ ဖော်ပြမှုများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။