နွေဦးတော်လှန်ရေးနဲ့ တရုတ်ရဲ့ဖိအား
By လမ်းသစ်
မြန်မာ့နွေဦးတော်လှန်ရေး ခရီးလမ်းတစ်လျှောက်မှာ တရုတ်က သူ့အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ အဘက်ဘက်က ဖိအားပေးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်ဆံရေး မပြတ်ရှိနေတဲ့ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေဟာလည်း ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁ဝ၂၇ စစ်ဆင်ရေးနောက်ပိုင်း ပိုမိုထင်ရှားလာပါတယ်။
အကြမ်းအားဖြင့် နယ်စပ်ဖြတ်ကျော် မှုခင်းကိစ္စတွေဖြစ်တဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ လုပ်နိုင်စွမ်းအပေါ် စိတ်ပျက်လက်ပျက်ဖြစ်ပြီး ၁ဝ၂၇ စစ်ဆင်ရေးကို တရုတ်က မီးစိမ်းပြလိုက်တယ်လို့ နားလည်ရပါတယ်။
တိုက်ပွဲတွေကြောင့် ငွေလိမ်ဂိုဏ်းတွေ ထွက်ပြေးပျောက်ကွယ်ကုန်တာဟာ တရုတ်ရဲ့ အောင်မြင်မှုဖြစ်ပေမယ့် ကုန်သွယ်ရေး၊ စီးပွားရေးအရ နစ်နာဆုံးရှုံးမှုတွေတော့ ရှိခဲ့ပါတယ်။
ဒါ့အပြင် တရုတ်ပြည် တောင်ပိုင်းဒေသတွေက မြန်မာပြည်ကလာတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအပေါ်မှာ အဓိက မီခိုနေတာကြောင့် ပိုက်လိုင်းလုံခြုံရေးအတွက် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
တရုတ်က သူတို့ မီးစိမ်းပြခဲ့တဲ့ တိုက်ပွဲတွေအတွင်း သူ့အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့အတွက် ညီနောင်မဟာမိတ် ၃ဖွဲ့အပေါ်မှာရော၊ အာဏာသိမ်းစစ်ကောင်စီအပေါ်မှာပါ ဖိအားပေးမှုတွေ လုပ်နေပါတယ်။
စစ်ကောင်စီနဲ့ ညီနောင် ၃ဖွဲ့ကို တွေ့ဆုံဆွေးနွေးဖို့ ကမကထ လုပ်ပေမယ့် တကယ်တမ်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ မဟုတ်ဘဲ တရုတ်ရဲ့ အကျိုးစီးပွားကို ဘယ်လိုလုံခြုံမှု ပေးကြမှာလဲဆိုတာကို ညှိနှိုင်းခိုင်းတာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။
အရပ်စကားနဲ့ ပြောရရင် တရုတ်က မုန့်ကျွေးလိုက်၊ တုတ်ပေးလိုက် လုပ်နေတာပါ။ တရုတ်အစိုးရအနေနဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ကို အသိအမှတ်ပြုပြီး သူနဲ့ နယ်စပ်ထိတွေ့မှုရှိတဲ့ ကိုးကန့်တပ် MNDAA နဲ့ ဆက်သွယ်ပြောဆိုတာတွေ လုပ်ပေမယ့် တစ်ဖက်မှာ ခြိမ်းခြောက်မှုတွေကလည်း ရှိနေပါတယ်။
အများပြည်သူနဲ့ ထိတွေ့ဆက်သွယ်နိုင်တဲ့ MNDAA ရဲ့ WeChat အကောင့်ကို ပိတ်ပစ်တာတွေ လုပ်ခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်နဲ့ စကားပြောဆိုဖို့ ဖိအားပေးတဲ့နေရာမှာ တရုတ်ပြည်ထဲရောက်နေတဲ့ ညီနောင် ၃ဖွဲ့ထဲက ခေါင်းဆောင်တချို့ကို ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ တရုတ်နိုင်ငံအရေး လေ့လာသူတွေက ပြောကြပါတယ်။
စစ်ကောင်စီကိုလည်း အလားတူပဲ မက်လုံးပေးလိုက်၊ ခြိမ်းခြောက်လိုက်ဆိုတဲ့ ပုံစံနဲ့ သွားနေတာပါ။ တရုတ်အလိုကျ နယ်စပ်ရာဇဝတ်ဂိုဏ်းတွေကို မနှိမ်နင်းပေးနိုင်တဲ့ စစ်ကောင်စီကတော့ တရုတ်ကို စီးပွားရေးအခွင့်အလမ်း လုပ်ပိုင်ခွင့်တွေ ပိုပေးပြီး ချဉ်းကပ်နေရပါတယ်။
ဥပမာ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ဒေသမှာ တရုတ်နဲ့ သဘောတူစာချုပ် ချုပ်ထားပြီးမှ ရပ်ဆိုင်းနေတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို အရှိန်မြှင့်လုပ်ဆောင်ဖို့ စစ်ကောင်စီက ကြိုးစားနေပါတယ်။ ဒါဟာ တရုတ်ရဲ့ ထောက်ခံမှုရဖို့ မျက်နှာလို မျက်နှာရ လုပ်နေတာပဲ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ဒီလထဲမှာ ထုတ်ပြန်ခဲ့တဲ့ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒထဲမှာ တရုတ်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးမယ်၊ အာဏာမသိမ်းခင် နှစ်နိုင်ငံချုပ်ဆိုထားတဲ့ သဘောတူညီမှု အားလုံးကို ဆက်လက်လုပ်ဆောင်ပေးမှာ ဖြစ်ပမေယ့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ဆက်လုပ်တဲ့ ဘယ်သဘောတူညီချက်၊ ဘယ်ရင်းနှီးမြှုပ်နှံမှုကိုမှ တာဝန်မယူဘူးလို့ ပြောထားပါတယ်။
တရုတ်က ကြားဝင်ပေးနေတဲ့ ညီနောင် ၃ဖွဲ့နဲ့ စစ်ကောင်စီရဲ့ တတိယအကြိမ် တွေ့ဆုံမှုကို ဇန်နဝါရီ ၇ရက်ကနေ ၉ရက်အထိ ပြုလုပ်ခဲ့ပေမယ့် ဘယ်လိုသဘောတူညီချက်မှ ထွက်ပေါ်လာတယ်လို့ မကြားမိသေးပါဘူး။ အတည်မပြုရသေးတဲ့ သတင်းများအရ အဆိုပါတတိယအကြိမ် ဆွေးနွေးပွဲလည်း ရှေ့ပွဲများနည်းတူ ရလဒ်မရှိဘဲ ပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်အလိုကျ ဆွေးနွေးပွဲ ဖြစ်မြောက်ခဲ့ပေမယ့် ပါဝင်တဲ့အဖွဲ့တွေရဲ့ ညှိနှိုင်းဖို့ မလွယ်ကူတဲ့ ကိုယ်စီလိုလားချက်တွေ ရှိနေတာကြောင့် ဆွေးနွေးပွဲ မစခင်ကတည်းက ဘာရလဒ်မှ မထွက်နိုင်ဘူးလို့ အကဲခတ်တွေက သုံးသပ်ခဲ့ကြပါတယ်။
ဇန်နဝါရီ ၃ရက်နေ့တုန်းက စစ်ကောင်စီနဲ့ MNDAA တို့ရဲ့ တိုက်ပွဲဖြစ်နေစဥ်အတွင်း တရုတ်နိုင်ငံ နန်ဆန်မြို့ထဲကို လက်နက်ကြီး ကျရောက်ခဲ့ပြီး တရုတ်နိုင်ငံသားအချို့ ဒဏ်ရာရရှိခဲ့လို့ တရုတ်ဖက်က ဒေါသပုန်ထခဲ့ပါတယ်။
ဒီလိုဖြစ်ပွားခဲ့ပြီးမကြာမှီ ဇန်နဝါရီ ၅ရက် နေပြည်တော်ကို ရောက်လာခဲ့တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ကတော့ နယ်စပ်တည်ငြိမ်ရေးအတွက် စစ်ကောင်စီ ဘာလုပ်မလဲဆိုတာ လာမေးတာဖြစ်နိုင်သလို နယ်စပ်တလျောက် လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ပတ်သက်လို့ ဖိအားပေးတာလည်း ဖြစ်နိုင်ပါတယ်။
တရုတ်အဖွဲ့ ရောက်လာချိန်ဟာ လောက်ကိုင် ဒကစနဲ့ ဝ အုပ်ချုပ်ခွင့်ရဒေသထဲက ဟိုပန်နဲ့ ပန်လုံတို့ကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးရချိန်နဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။
တရုတ်က ငြိမ်းချမ်းရေးစကားပြောဖို့ ဖိအားပေးတဲ့နေရာမှာ မြောက်ပိုင်းညီနောင် ၃ဖွဲ့ကို တစ်ဖွဲ့ချင်း စစ်ကောင်စီနဲ့တွေ့ဖို့ ပိုပြီး လိုလားပုံရပါတယ်။
တကယ်တမ်း အဲ့ဒီလိုတွေ့ဆုံတာဟာ ညီနောင် ၃ဖွဲ့အကြားမှာရော၊ ၃ ဖွဲ့နဲ့ တခြားတော်လှန်ရေးအဖွဲ့တွေကြားမှာပါ အချင်းချင်း မယုံကြည်မှုတွေ ဖြစ်လာနိုင်တဲ့ အခြေအနေကို တွန်းပို့ရာ ရောက်ပါတယ်။
လက်ရှိအချိန်ထိ ဒီအခြေအနေတွေကို မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ဖွဲ့က တင်းခံထားနိုင်သေးတယ်လို့ ဆိုရမှာပါ။ NUG ရဲ့ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒတွေကလည်း ညီနောင် ၃ဖွဲ့ရဲ့ ရပ်တည်ချက်တွေနဲ့ အတော်လေး ဆင်တူနေတဲ့အတွက် ဒီမူဝါဒထုတ်ပြန်မှုဟာ ညီနောင် ၃ဖွဲ့အတွက် အနည်းနဲ့အများ ဖိအားတွေ လျော့စေမယ်လို့ သုံးသပ်ကြပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဘူးလို့ ပြောခဲ့ဖူးပေမယ့် ၂ဝဝ၈ အခြေခံဥပဒေနဲ့အညီ သွားကြဖို့ ပြီးခဲ့တဲ့လပိုင်းက စကားသံ ထွက်လာခဲ့ပါသေးတယ်။ ဒီအတွက် တော်လှန်ရေးအင်အားစု အရပ်ဘက်အဖွဲ့တွေက အိတ်ဖွင့်ပေးစာပို့ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်အုပ်စု ကျဆုံးမှု နီးကပ်လာချိန် ရောက်ပြီဖြစ်တာမို့ တရုတ်အနေနဲ့ စစ်ကောင်စီ သက်ဆိုးရှည်စေမယ့် လုပ်ရပ်တွေ မလုပ်ဖို့၊ အကြမ်းဖက်စစ်တပ်နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို စေ့စပ်ညှိနှိုင်းရေး အတင်းအကြပ် ဖိအားပေးတာတွေ မလုပ်ဖို့ အရပ်ဘက်အဖွဲ့ ၂၅၅ ဖွဲ့က တောင်းဆိုခဲ့ကြတာပါ။
ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA နဲ့ ရခိုင့်တပ်တော် AA တို့ ပါဝင်တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ဟာ သူတို့တွေ တစ်ရက်မှမနားဘဲ ဆင်နွှဲခဲ့တဲ့ ၁ဝ၂၇ စစ်ဆင်ရေးက စစ်အာဏာရှင် အမြစ်ပြတ်ရေးကို အများကြီး အထောက်အကူဖြစ်စေမယ်လို့ ပြောထားပါတယ်။
၁ဝ၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့ ပြည်သူတွေကြား သွေးစည်းမှုပိုရှိပြီး ယုံကြည်မှု ပိုမိုခိုင်မာလာခဲ့ပါတယ်။
ညီနောင် ၃ဖွဲ့အပေါ် တရုတ်ရဲ့ ဖိအားပေးမှုတွေဟာ မြန်မာပြည်ကို အာဏာရှင်လက်ထဲကနေ ကယ်ထုတ်မယ့် နွေဦးတော်လှန်ရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေတာကြောင့် တော်လှန်ရေးအဖွဲ့များအပါအဝင် ပြည်သူတစ်ရပ်လုံးက သေချာစောင့်ကြည့်ဖို့ လိုသလို၊ မြန်မာပြည်တွင်းက တရုတ်အကျိုးစီးပွားတွေဟာ မြန်မာပြည်သူများရဲ့ ဆန္ဒအပေါ် အများကြီး မူတည်နေတယ်ဆိုတာကိုလည်း ပြသဖို့ လိုအပ်ပါလိမ့်မယ်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MNDAA #TNLA #AA #NUG