ရန်ကုန်၊ ဧပြီ ၅
ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်နဲ့ နဲ့ရေဖြူမြို့နယ်မှာ စစ်ကောင်စီဘက်တော်သား နှစ်ဦးအသတ်ခံရပြီးနောက် အုပ်ချုပ်ရေးမှူးနဲ့စာရေးတွေ အပြိုင်အဆိုင်နုတ်ထွက်ရှောင်ပြေးကုန်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့မတ်၂၆ရက်နေ့မှာ ရေဖြူပုဂေါဇွန်းရွာက ပြည်ခိုင်ဖြိုးပါတီအလုပ်အမှုဆောင် ဦးဝဏ္ဏကျော် အသတ်ခံရပြီးသည့်ရက်ကတည်းက အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေ ရှောင်ပြေးကုန်ကြတာဖြစ်တယ်လို့ ရွာခံတွေကပြောပါတယ်။
“နုတ်ထွက်မထွက်ကတော့မသိဘူး၊ ရွာထဲမှာတော့မရှိဘူး”လို့ ဒေသခံတစ်ဦးကအတည်ပြုပြောဆိုပါတယ်။
ရလိုင်၊ သစ်တိုထောင့်၊ ကျောက်ဝှက်ကုန်း၊ ပုဂေါဇွန်း၊ မင်းဒပ်၊ သဗြေဇွန်း၊ ဝက်ချောင်း၊ ခမောင်းချောင်း စတဲ့ ရွာတာဝန်ခံ၊ အုပ်ကြီးတွေနဲ့ ရပ်ကျေးစာရေးတွေရှောင်ပြေးနေကြတယ်လို့သိရပါတယ်။
နဘုလယ်ဒေသဘက်မှာတော့ ပျူစောထီးအဖွဲ့ဝင် ဦးဉာဏ်ရည်သေဆုံးပြီးကတည်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေမရှိကြတော့တာပါ။
လောင်းလုံးမှာလည်း ဧပြီလ ၁ရက်နေ့ သာဂရမြို့ဟောင်း အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင် အသတ်ခံရပြီးနောက်ရက်မှာဘဲ အုပ်ချုပ်ရေးမှူးနဲ့စာရေးတွေအပြိုင်အဆိုင်နုတ်ထွက်တယ်စာတင်ခဲ့ကြတယ် လို့သိရပါတယ်။
သာဂရမြို့ဟောင်း၊ ခမောင်းတောင်၊ ပန်းတင်အင်း၊ ဝေဒီ၊ စခန်းကြီး၊ တောင်မင်းပြောင်၊ တောကျဲ စတဲ့ ရွာတွေအပါအဝင် ရွာတချို့က အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနုတ်ထွက်ကုန်တာပါ။
လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့(LLPDF)၊ Dawei Tiger Force(DTF)၊ Dawei Guerrilla Revolution Force (DGRF)နဲ့ Kanbauk Defense force ကလည်း စစ်ကောင်စီနဲ့ လက်အောက်ခံ ပျူစောထီးနဲ့ ဒလန်တွေကို အမြန်ဆုံးနှုတ်ထွက်ဖို့ သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။
ထားဝယ်ခရိုင်အတွင်းမှာ တစ်ပတ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ဦးနဲ့ ဒလန်လို့နာမည်ကြီးသူ၄ဦး
ထက်မနည်းအသတ်ခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။
ဓာတ်ပုံ – ရေဖြူမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတစ်ရုံး။
(The Tanitharyi Time သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)