ရန်ကုန်၊ ဧပြီ ၆
ရန်ကုန်တက္ကသိုလ် နိုင်ငံရေး သိပ္ပံ ကျောင်းသူ မသဉ္ဇာထက်မိုးကို ပဲခူးမြို့ တရားရုံးက မတ်လ ၁၇ ရက်နေ့တွင် ပုဒ်မ ၅၀၅-က ဖြင့် ထောင် ၃ နှစ်ချမှတ် လိုက်ခဲ့ကြောင်း ရန်ကုန် တက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။
မသဉ္ဇာထက်မိုးကို အကြမ်းဖက် စစ်တပ်က ၂ဝ၂၁ ခုနှစ် ဧပြီ ၂၄ ရက်နေ့တွင် ရန်ကုန်-ပဲခူးလမ်းပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဖမ်းဆီးပြီးနောက် စစ်တပ်က ရန်ကုန်တိုင်း စစ်ကြောရေး စခန်းတစ်ခုတွင် ၂ ပတ်ကြာ စစ်ဆေးခဲ့ကြောင်း၊ ပဲခူးတိုင်း စစ်ကြော ရေးတွင်လည်း ၁ ပတ်ကြာ ထပ်မံစစ်ဆေးကာ ပဲခူး အကျဉ်းထောင်သို့ ပို့ဆောင်ပြီး ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ပန်းဒလဲရွာနှင့်လောင်းလုံးရွာနေထိုင်သော ကိုအောင်သူဟိန်း၊ ကိုဝေယံကျော်၊ ကိုမင်းအောင် နှင့် ကိုအောင်အောင်တို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဧပြီလ ၄ရက်နေ့ ညပိုင်းတွင် အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီး သွားကြောင်း သိရသည်။
ဧပြီလ ၄ ရက် ည ၈ နာရီ ၃ဝမိနစ်တွင် ပန်းဒလဲရွာသား ကိုအောင်သူဟိန်းကို ကျေးရွာအတွင်းရှိ ၎င်းနေထိုင်၌ပင် ဖမ်းဆီးသွားကာ ည ၁၀ နာရီ ၃ဝမိနစ်ခန့်တွင် လောင်းလုံးရွာတွင် နေထိုင်သော ကိုဝေယံကျော်၊ ကိုမင်းအောင်နှင့် ကိုအောင်အောင် တို့ကို ကျေးရွာရှိ ၎င်းတို့ နေအိမ်များ၌ပင် စစ်တပ်က အိမ်စီးကား ၂စီးဖြင့် အကြောင်းမဲ့ ထပ်မံ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရသော လူငယ် ၄ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက လာင်းလုံးမြို့မ ရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်နေပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခြင်းနှင့် မည်သည့် ပုဒ်မများဖြင့် အရေးယူထားသည်ကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
အလားတူ မလှိုင်မြို့နယ်မှ UG ရဲဘော်တစ်ဦးသည့် ကိုသက်မောင်သည် မန္တလေးမြို့သို့ ယခုရက်ပိုင်းအတွင်း သွားရောက်ရင်း ဖမ်းဆီးခံရပြီး ပျောက်ဆုံးလျက်ရှိကြောင်းသိရှိရသည်။
ထို့ပြင် မန္တလေးသပိတ်အင်အားစုမှ ကိုဟိန်းမင်းဇော်၊ ကိုအောင်ဇော်မြင့်၊ ကိုနိုင်လင်းထွန်း၊ မသဲစု၊ ကိုကျော်စိုးမိုး၊ မဂျာဆိုင်းအောင်၊ ကိုကျော်မင်းထွန်း၊ ကိုထက်ကိုတို့လည်း အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေကြောင်း သိရှိရသည်။

