28 C
Yangon

မန္တလေး-မုံရွာလမ်းတွင် စစ်ယာဉ်တန်းကို မိုင်း ၁၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၃၀ ကျော် သေဆုံး၊ ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ ၂ ကြိမ် တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၇

မန္တလေး-မုံရွာကားလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကား ၅ စီးပါ ယာဉ်တန်းကို ယနေ့ ဧပြီလ ၇ ရက် နံနက် ၂ နာရီခွဲတွင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃၀ မှ ၄၀ ဦးခန့်သေဆုံးကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

“ဒီမနက် ၂ နာရီခွဲလောက်မှာ မုံရွာဘက်ကိုသွားတဲ့ စစ်ယာဉ်တန်းကို ချောင်းဦးမြို့နယ်၊ နတ်ရေကန်နဲ့ ငါးယှဉ်ရွာကြားမှာ မိုင်းဆွဲတာပါ။ ဒေသခံတွေပြန်ပြောတာက ၃၀ ကနေ ၄၀ ကြား သေတယ်လို့ သိရတယ်” ဟု မြောင် CDSOM သတင်းပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ စစ်ယာဉ်တန်းသည် အိမ်စီးကားသေး ၃ စီး၊ ၁ စီးလျှင် စစ်သား ၄၀ ခန့်ပါသော ကန်တာ ကား ၂ စီး ပါဝင်ပြီး ပဒေသာမိုင်း ၁၆ လုံး ဖောက်ခွဲခံရခြင်းဖြစ်သည်။

စစ်ကောင်စီယာဉ်တန်းကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ CDSOM၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ CRF၊ ပြည်သူ့တပ်မတော် မြောင် MUA စစ်ကိုင်းခရိုင်တပ်ရင်း ၁၊ ၂၊ တပ်ခွဲ ၃၊ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါပဒေသာမိုင်းများကို အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) M2W က ဖန်တီးပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ကလေးမြို့တွင် အကြမ်းဖက်စစ်ကောင်စီ စစ်သားများကို PDF-Kalay က ယနေ့ ဧပြီလ ၇ ရက်နေ့တွင် ၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးခန့်သေဆုံးကြောင်း သိရှိရသည်။

ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် ကလေးတက္ကသိုလ်မုခ်ဦးအနီး ဗိုလ်ချုပ်လမ်းမပေါ်ရှိ လဖက်ရည်ဆိုင်မှ လမ်းမပေါ်သို့ တက်လာစဉ် PDF-Kalay က အသင့်တပ်ဆင်ထားသော မိုင်းများဖောက်ခွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးသွားကြောင်း၊ နံနက် ၁၀ နာရီခန့်တွင် ကလေးတက္ကသိုလ်ဘက်မှ မောင်းနှင်လာသော စစ်ကောင်စီ ကား ၂ စီးကို PDF-Kalay က မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ ကား ၂ စီးလုံး ထိမှန်သွားပြီး စစ်သား ၃ ဦးခန့် သေဆုံးကြောင်း PDF-Kalay က သတင်းထုတ်ပြန်သည်။

ဒုတိယအကြိမ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့က ရမ်းသန်းပစ်ခတ်၍ အပြစ်မဲ့ ပြည်သူ ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) က တီထွင်ထုတ်လုပ်ထားသည့် မိုင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article