တော်လှန်ရေးရဲဘော် ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သော မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးနှင့်စစ်တပ်က ပြည်သူ ၁၀ ဦးကို ဦးခေါင်းတေ့၍ သေနတ်ဖြင့် အစုလိုက်အပြုံလိုက် ပစ်သတ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် တော်လှန်ရေးရဲဘော် ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သော မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးနှင့် စစ်တပ်က ယမန်နေ့ ပြည်သူ ၁၀ ဦးကို ဦးခေါင်းတေ့၍ အစုလိုက်အပြုံလိုက် ပစ်သတ်သွားကြောင်း ဂန့်ဂေါမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၅ နာရီအချိန် မြောက်ခင်ရန်းကျေးရွာမှ ပျူ စော ထီးနှင့်စစ်တပ် အင်အား ၂၀၀ ခန့်သည် စစ်ကြောင်းထိုးလာပြီးနောက် သင်တောကျေးရွာ၊ ရွှေဘိုကျေးရွာနှင့် ရေသာကျေးရွာမှ ပြည်သူ ၁၀ ဦးကို သေနတ်ဖြင့် ဦးခေါင်းတေ့၍ အစုလိုက်အပြုံလိုက် ပစ်သတ်သွားကြောင်း သိရှိရသည်။
“မြောက်ခင်ရန်း ပျူစောထီးတွေက ဒီနေ့ မနက် ၅ နာရီစစ်ကြောင်းထိုးတယ်။ သင်တောရွာက ၂ ဦး၊ ရွှေဘိုရွာက ၆ ဦးကို သင်တော ဘုရားကုန်းမှာ အစုလိုက်အပြုံလိုက်သတ်သွားတယ်။ ရွာထဲမှာ ၂ ဦးကို သတ်သွားတယ်။ ဘုရားကုန်းမှာ ၆ ဦးကို သတ်သွားတယ်။ ဘူးလက်လှဆွေရွာက အရမ်းဆိုးနေတယ်။ သူတို့ကို စစ်တပ်က လက်နက်တွေ ချပေးနေတယ်။ ပြီးတော့ မသတ်ခင်မှာ ရွာသားတွေကို PDF ဝတ်စုံတွေ ဝတ်ခိုင်းပြီး PDFတွေ သေနေသလို လုပ်ထားခဲ့တာ”ဟု ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
သေဆုံးသူများမှာ
၁။ ဦးမောင်ပု (သင်တော)
၂။ ဦးပြူးသာ (သင်တော)
၃။ ဦးဌေးအောင် (သင်တော)
၄။ ဦးမောင်နိုင် (သင်တော)
၅။ ဦးဖိုးသေးနောင် (သင်တော)
၆။ ဦးသက်လွင် (သင်တော)
၇။ ဦးဘိုသန်း (သင်တော)
၈။ ဦးတိုးလွင် (ရွှေဘိုရွာ)
၉။ ဦးမျိုးသန့် (ရွှေဘိုရွာ)
၁၀။ ဦးဇော်လင်းမောင် (ရေသာရွာ) တို့ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် စစ်တပ်နှင့်ပျူစောထီးများက ပြည်သူ ၄ ဦး (အမျိုးသား)ကိုလည်း ဖမ်းဆီးခေါ်သွားကြောင်း၊ ယင်းနောက် သင်တောရွာမှ နေအိမ် ၃၀ နှင့် ရွှေဘိုရွာမှ နေအိမ် ၆ လုံးတို့ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ အဆိုပါစစ်ကြောင်းက သင်တောရွာနှင့်ရွှေဘိုရွာရှိ ပြည်သူများ၏ ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များအား ဖောကား၊ Light truck များဖြင့် ခိုးယူသွားခဲ့ကြောင်း သိရှိရသည်။
မြောက်ခင်ရန်းကျေးရွာသည် ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေ၏ ရွာဖြစ်ပြီး ဘူးလက်လှဆွေ၏ ဦးဆောင်မှုဖြင့် လက်နက်တပ်ဆင်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
(ဓာတ်ပုံအကြည်များကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်ပါသည်။)