34 C
Yangon

ပြည်သူလူထုကို ပြန်ကြမ်းဖက်နေသည့် စစ်ကောင်စီကို သက်ဆိုးရှည်စေသော မြန်မာ-တရုတ်ပိုက်လိုင်း စီမံကိန်းများအပေါ် နိုင်ငံတကာဘဏ်များ အရေးယူရန် ပျက်ကွက်နေဆဲ

Must read

ပြည်သူလူထုကို ပြန်ကြမ်းဖက်နေသည့် စစ်ကောင်စီကို သက်ဆိုးရှည်စေသော မြန်မာ-တရုတ်ပိုက်လိုင်း စီမံကိန်းများအပေါ် နိုင်ငံတကာဘဏ်များ အရေးယူရန် ပျက်ကွက်နေဆဲ

By BankTrack

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံကို အကြမ်းဖက်အာဏာသိမ်းဖို့ စတင်ကြိုးပမ်းခဲ့တဲ့ သုံးနှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

ဒီနေ့ကစပြီး အာဏာရှင်စစ်ကောင်စီဟာ မြန်မာပြည်သူတွေကို ကြီးစွာဒုက္ခဖြစ်စေခဲ့ပြီး၊ မကြုံစဖူး လူသားချင်းစာနာမှုနဲ့ စီးပွာရေး အကျပ်အတည်းတွေကို ဖြစ်စေခဲ့တာပါ။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကနေပြီး ဝင်ငွေအရင်းအမြစ် အဓိက အထောက်အပံ့ရနေတဲ့ စစ်ကောင်စီဟာ အာဏာသိမ်းမှုကို တခဲနက် အဆက်မပြတ် ဆန့်ကျင်နေတဲ့ ပြည်သူလူထုရဲ့ အံ့ဘနန်း အာခံမှုတွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့ ကြိုးပမ်းနေမှု တွေအပေါ် ဆက်လက်ဖိနှိပ် လက်တုံ့ပြန်လျက်ရှိပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံတွေဟာ စစ်ကောင်စီကို ထောက်ပံ့ပေးနေတဲ့ ကြီးမားလှတဲ့ ဝင်ငွေရင်းမြစ်ဖြစ်ပြီး၊ အဆိုပါရေနံနဲ့ သဘာဝဓာတ်ငွေ့ ဆိုင်ရာလုပ်ငန်းတွေအနက် မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေဟာ မြန်မာပြည်က အကြီးဆုံးစွမ်းအင် လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

အဲဒီပိုက်လိုင်းတွေဟာ မြန်မာနိုင်ငံ အနောက်တောင်ဘက် ရခိုင်ပြည်နယ်က စတင်ပြီး နိုင်ငံရဲ့ ဗဟိုချက်ကို ဖြတ်ကျော်ကာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို သွယ်တန်းထားတာ ဖြစ်ပါတယ်။

စီမံကိန်းကို အရှေ့တောင်အာရှ ပိုက်လိုင်းကုမ္ပဏီလီမိတက်လို့ လူသိများတဲ့ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းရဲ့ လက်အောက်ခံ ကုမ္ပဏီ(CNPC-SEAP) က လုပ်ဆောင်နေတာဖြစ်ပါတယ်။

ရေနံပိုက်လိုင်းကို CNPC-SEAP နဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့က ပိုင်ဆိုင်ကြပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို CNPC-SEAP၊ POSCO၊ MOGE၊ GAIL၊ Korea Gas Corporation (KOGAS) နဲံ ရေနံနှင့် သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း (ONGC) တို့က ပိုင်ဆိုင်ကြတာပါ။

CNPC ဟာ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကနေပြီး တရုတ်ပြည်တွင်သုံးဖို့ ဓာတ်ငွေ့ ၈၀ ရာခိုင်နှုန်းထိကို ဝယ်ယူထားပြီး ပိုက်လိုင်းကတဆင့် သယ်ဆောင်ကာ၊ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုသာ မြန်မာပြည်တွင်းမှာ အသုံးပြုပါတယ်။

မြန်မာစစ်တပ်က ကြိုးကိုင်ချယ်လှယ် လုပ်ဆောင်ခဲ့ပြီး၊ စစ်တပ်က ပြန်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အဆုံးသတ်သွားခဲ့တဲ့ ရွှေရည်စိမ် မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အစပြုချိန်မှာ အဆိုပါပိုက်လိုင်းစီမံကိန်းကို စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းချိန်ကစလို့ မြန်မာစစ်တပ်ဟာ အကျိုးအမြတ်များတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍကို ချုပ်ကိုင်လိုက်ပါတယ်။

သယံဇာတတူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (EITI) ရဲ့ ကိန်းဂဏန်းတွေအရ အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ ၂၀၁၉ ခုနှစ်မှာ မြန်မာအစိုးရကို ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

MOGE အပါအဝင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၀င်ငွေ ကောက်ခံခြင်းအတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကို တရားမဝင်သိမ်းယူခြင်းအားဖြင့် စစ်ကောင်စီဟာ ဓာတ်ငွေ့ရောင်းချမှု၊ ပိုက်လိုင်းခွဲဝေမှုနဲ့ အခွန်တွေအပြင် နိုင်ငံပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းတွေရဲ့ အမြတ်ခွဲဝေမှုတွေကပါ ဝင်ငွေရရှိနေတာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းတွေအထဲမှာ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းနဲ့ မြန်မာ-တရုတ် သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေက ထင်ရှားပါတယ်။

၂၀၂၃ ဧပြီလမှ ဇွန်လအတွင်း ဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၈၄၁.၇ သန်း ရှိနေပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အဆိုပါဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံကျော် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

MOGE ရဲ့ သဘာဝဓာတ်ငွေ့ ပရောဂျက်တွေဟာ နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။

အာဏာသိမ်းကြိုးပမ်းချိန်ကစပြီး ပြည်သူထောင်ပေါင်းများစွာကို သေကြေပျက်ဆီးဒဏ်ရာစေခဲ့ပြီး၊ ခန့်မှန်းခြေ လူပေါင်း ၂.၃ သန်းခန့်ကို အိုးအိမ်မဲ့ ဖြစ်စေခဲ့တဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်ရာမှာ လက်နက်ပစ္စည်း၊ စက်ကရိယာ၊ နည်းပညာနဲ့ စက်သုံးဆီတွေအတွက် ကုန်ကျခဲ့တဲ့ အသုံးစရိတ်တွေအတွက် စစ်ကောင်စီဟာ ဒီရေနံနှင့် သဘာဝဓာတ်ငွေ့ ဝင်ငွေအပေါ် ငွေကြေးအရ မှီခိုနေရတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု စတင်ကတည်းက စစ်ကောင်စီဟာ လူပေါင်း ၄,၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၂၆၀၀၀ နီးပါးကို အဓမ္မ ဖမ်းဆီးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ရာဇ၀တ်မှုတွေမှာ ငွေကြေးထောက်ပံ့နေတာတွေကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပသမဂ္ဂဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ MOGE ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အမေရိကန်ကလည်း ငွေကြေးဝန်ဆောင်မှုတွေကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

စစ်တပ်အတွက် ညှဉ်းပန်းနှိပ်စက်ခြင်းဟာ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ပါတယ်။ ၂၀၂၁ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်တဲ့ ပထမဆုံး အသေးစိတ် အစီရင်ခံစာမှာ စစ်ကောင်စီဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်တွေအဖြစ် သတ်မှတ်နိုင်လောက်တဲ့ ပုံစံမျိုးစုံနဲ့ အရပ်သားတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုထားပါတယ်။

ပိုက်လိုင်းလမ်းကြောင်းပေါ်က ရပ်ရွာလူထုအတွက်တော့ အကြမ်းဖက်ခံရမှုတွေဟာ အာဏာသိမ်းကြိုးပမ်းမှု မတိုင်ခင်ကတည်းက ဘဝရဲ့ မရှောင်လွှဲနိုင်တဲ့အရာ ဖြစ်ခဲ့ပါတယ်။

ပိုက်လိုင်းရဲ့ ကမ်းရိုးတန်းတောင်ဘက် မဒေးကျွန်းမှာဆိုရင် ပိုက်လိုင်းကြောင့် မြေယာသိမ်းဆည်းခံခဲ့ရပြီး ဒေသခံအများစု ထိခိုက်နစ်နာခဲ့ရပါတယ်။ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကို ကြောက်ရွံ့တာကြောင့် လူအများ နှုတ်ဆိတ်နေခဲ့ရပါတယ်။

ပိုက်လိုင်းဖောက်နေစဉ်မှာလည်း တိုင်းရင်းသား လူနည်းစုနယ်မြေတွေမှာ စစ်တပ်က ပိုက်လိုင်းလမ်းကြောင်း လုံခြုံရေးခေါင်းစဥ်နဲ့ အစီအမံတွေ ပြုလုပ်ခဲ့တာကြောင့် အကြမ်းဖက်ပဋိပက္ခ ဖြစ်ပေါ်မှုတွေနဲ့ အိုးအိမ်စွန့်ခွာမှုတွေ တိုးပွားလာစေခဲ့ပါတယ်။

ပိုက်လိုင်းဖောက်လုပ်ခြင်းကြောင့် သက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို အနှောင့်အယှက်ဖြစ်စေကာ ဌာနေတိုင်းရင်းသား အသိုက်အဝန်းတွေကိုပါ ထိခိုက်မှုဖြစ်စေခဲ့ပါတယ်။ ပိုက်လိုင်းစီမံကိန်းဟာ မြို့နယ် ၂၁ ခုမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေခဲ့တယ်လို့ မြန်မာတရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီ (MCPWC) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီဟာ ၎င်းရရှိမယ့် နိုင်ငံခြားဝင်ငွေတွေ ကျိန်းသေစေဖို့အတွက် ပိုက်လိုင်းလမ်းကြောင်းမှာ စစ်ရေးတိုးချဲ့ စောင့်ကြပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့ နည်းဗျူဟာတစ်ခုက လမ်းကြောင်းတလျှောက် မြေမြှုပ်မိုင်းတွေ ချထားတာဖြစ်ပါတယ်။

ပိုက်လိုင်းအနီးက မြေတွေမှာ စိုက်ပျိုးရေးနဲ့ ထင်းစုဆောင်းပြီး အသက်မွေးတဲ့ ဒေသခံရွာသားတွေရဲ့ နေ့စဥ် ဖြတ်သန်းနေရတဲ့ ဘဝဟာ အရမ်းကို အန္တရာယ်များတဲ့ ဆူးခင်းလမ်း ဖြစ်နေခြင်းပါ။

မကြာသေးတဲ့ ၂၀၂၄ ဇန်နဝါရီလမှာဆိုရင် သီပေါမြို့နယ်အတွင်း လယ်သမားနှစ်ဦးဟာ သူတို့နွားတွေကိုရှာရင်း မြေမြှုပ်မိုင်း မတော်တဆနင်းမိပြီး အသက်တွေ ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်မျိုးတွေ ရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာစတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖော်နဲ့ တော်လှန်ရေးတပ်တွေရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများအတွင်း မကြုံစဖူး ထိုးစစ်ဆင်မှုနောက်ပိုင်းမှာတော့ စစ်တပ်ဟာ လက်တုံ့ပြန်ဖို့အတွက် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မဆင်မခြင် ပြုလုပ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို စတဲ့မြို့နယ်တွေမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေနဲ့ လက်နက်ကြီးကျည်တွေ အန္တရာယ်များလောက်အောင် ပိုက်လိုင်းနားကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတွေဟာ ဆိုးရွားတဲ့ ပေါက်ကွဲမှုတွေ ဖြစ်လာမှာကို စိုးရိမ်စိတ် မြင့်တက်လာခဲ့ကြပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ မဖြစ်ဘဲနဲ့လည်း စစ်တပ်ဟာ ပိုက်လိုင်းလမ်းကြောင်းတလျှောက်က ရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ အဆင်ခြင်မဲ့ တရားလက်လွတ် တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရပါတယ်။

မြန်မာ-တရုတ်ပိုက်လိုင်းရဲ့ အဓိကရှယ်ယာရှင်တွေထဲက CNPC၊ POSCO၊ ONGC နှင့် KOGAS တို့ဟာ စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုတွေကို ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်နေကြတာပါ။

၂၀၂၂ တနှစ်တည်းမှာ အဆိုပါကုမ္ပဏီလေးခုပေါင်းပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံနီးပါးရရှိခဲ့ပြီး၊ တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီတစ်ခုတည်းက အမေရိကန်ဒေါ်လာ ၆.၇ ဘီလီယံနီးပါးနဲ့ အများဆုံးရရှိခဲ့ခြင်း ဖြစ်ပါတယ်။

၎င်းကုမ္ပဏီတွေရဲ့ အကြီးဆုံးနဲ့ လက်ရှိ ငွေရှင်လည်းဖြစ်တဲ့ နိုင်ငံတကာ ဘဏ်တွေကတော့ ICBC ဘဏ်၊ တရုတ်ဘဏ်၊ တရုတ်စိုက်ပျိုးရေးဘဏ်၊ မီဇူဟိုဘဏ်၊ KB Financial၊ UBS၊ Citi၊ အိန္ဒိယနိုင်ငံဘဏ်၊ SMBC၊ JP Morgan Chase၊ အမေရိကဘဏ်၊ BNP Paribas နှင့် HSBC ဘဏ်တို့ဖြစ်ပါတယ်။

မြန်မာပြည်သူတွေက စစ်ကောင်စီနဲ့ ၎င်းကျူးလွန်ထားတဲ့ သက်သေရှိတဲ့ စစ်ရာဇ၀တ်‌မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆန့်ကျင်နေပေမဲ့လည်း၊ နိုင်ငံတကာဘဏ်တွေရဲ့ ထောက်ပံ့မှုရရှိထားတဲ့ ပိုက်လိုင်းရှယ်ယာရှင်ကုမ္ပဏီတွေကတော့ စစ်ကောင်စီကို ငွေပေးချေတာတွေ ရပ်တန့်ဖို့၊ စာချုပ်ပါ မြန်မာအစိုးရကို ငွေပေးချေမှုတွေအတွက် စစ်ကောင်စီကို မပေးဘဲ တတိယကြားခံ ဘဏ်အကောင့်ထဲ ထည့်ထားဖို့ သို့မဟုတ် ၎င်းတို့လုပ်ငန်းတွေကို မြန်မာနိုင်ငံထဲကနေ ထွက်ခွာဖို့ တွေကို အကောင်အထည်ဖော်ဖို့ စိတ်ဆန္ဒ မရှိသလောက် ဖြစ်နေတာပါ။

စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေကို ငွေကြေး ဆက်လက်ပံ့ပိုးပေးခြင်းဖြင့် နိုင်ငံတကာဘဏ်တွေဟာ စစ်တပ်က ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ ပါဝင်ပတ်သက် အထောက်အကူ ပြုနေခြင်း ဖြစ်နေပါတယ်။

နိုင်ငံစုံစီးပွားရေးလုပ်ငန်းတွေအတွက် OECD လမ်းညွှန်ချက်တွေနဲ့ ကုလသမဂ္ဂရဲ့ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်မူတွေ နှစ်ခုစလုံးမှာ ဘဏ်တွေအပါအဝင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူများတွေအနေနဲ့ ၎င်းတို့ ဖောက်သည်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့ သို့မဟုတ် လျော့ပါးစေဖို့အတွက် ၎င်းတို့ရဲ့ ဩဇာအရှိန်အဝါကို အသုံးပြုဖို့ရာ တာဝန်ရှိတယ်လို့ တိတိပပ ဖော်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံတကာဘဏ်တွေအနေနဲ့ အဆိုပါပိုက်လိုင်းကုမ္ပဏီတွေကို စစ်ကောင်စီနဲ့ ၎င်းရဲ့ဆက်စပ်ကုမ္ပဏီတွေအပေါ် ငွေပေးချေမှုအားလုံး ချက်ခြင်းရပ်ဆိုင်းဖို့ သို့မဟုတ် လုပ်ငန်းအရ အဆက်အဆံမပြုဖို့နဲ့ အရေးယူလို့မရတဲ့ ကုမ္ပဏီတွေဆီကနေ ရင်းနှီးမြှပ်နှံထားတာတွေကို တာဝန်သိ ရုတ်သိမ်းဖို့တွေကို တိုက်တွန်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာဘဏ်တွေအနေနဲ့ အဲဒီလို အရေးယူမှုတွေ မလုပ်ဆောင်ဘူးဆိုရင် မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ရှည်ကြာစေမှာဖြစ်သလို၊ စစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပါဝင်ပတ်သက်မှုတွေနဲ့ သမိုင်းမှာ နံမည်ဆိုးနဲ့ ကျန်ရစ်ခဲ့တော့မှာပဲ ဖြစ်ပါတယ်။

By banktrack/Three years after attempted coup, international banks still ignore the junta’s violent capture of the Myanmar-China pipelines

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article