32 C
Yangon

ပခုက္ကူမြို့နယ်၊ မြစ်ဖျားရွာကို စစ်သားများ ဝင်ရောက်မီးရှို့၍ နေအိမ် ၈၆ လုံး မီးလောင်ပျက်စီး၊ ပြည်သူ ၄ ဦး ကို ပစ်သတ်သွား

Must read

ရန်ကုန်၊ ဧပြီ ၉

ဧပြီလ ၈ ရက် နေ့တွင် ပခုက္ကူမြို့နယ်၊ မြစ်ဖျားကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ စစ်သားများ ဝင်ရောက်စီးနင်းပြီး မီးရှို့မှုကြောင့် နေအိမ် ၈၆ လုံး မီးလောင်ပျက်စီးကာ ပြည်သူ ၄ ဦးကို ပစ်သတ်သွားကြောင်း သတင်းရရှိသည်။

“စစ်သားတွေက အင်အား ၈၀ လောက်ရှိတယ်၊ အသက် ၂၆ နှစ်အရွယ် ကိုကျော်စွာဦးအပါအဝင် ရွာသား ၄ ဦး ပစ်သတ်ခံရတယ်။ အခြား ၃ ယောက်ကတော့ နာမည် အတည်ပြုနေတုန်းပဲ၊ အသက် ၁၃ နှစ် အရွယ် ကလေး ၁ ယောက်လည်း ပစ်ခတ်ခံရတာ ကျည်ထိထားတယ်၊ သူလည်း အခြေအနေမကောင်းဘူး” ဟု မြစ်ဖျားဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်သားများသည် ဧပြီလ ၈ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မြစ်ဖျားကျေးရွာအတွင်းသို့ သေနတ်ပစ်ဖောက်ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“မြစ်ဖျားမှာ အိမ်ခြေ ၄၃၀ ရှိတယ်၊ လူဦးရေ ၂,၀၀၀ ကျော် နေတယ်။ စစ်သားတွေဝင်လာတာနဲ့ အကုန်ပြေးကြရတာ၊ စစ်သားတွေက ဒီနေ့ မနက်အစောပိုင်းမှ ပြန်ထွက်သွားတယ်၊ ရွာသားတွေလည်း အဲ့တော့မှ ရွာထဲပြန်ဝင်ရတာ၊ အဲဒီမှာ အလောင်းတွေ တွေ့တာ၊ အလောင်းတွေ ထပ်ရှိနိုင်သေးတယ်” ဟု မြစ်ဖျားဒေသခံက ဆိုသည်။

အင်အား ၈၀ ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ကျွန်းပင်၊ လယ်သာ၊ ကင်ပွန်းထောင့်၊ သဖန်းတောင့်ရွာများကို ပစ်ခတ်မွှေနှောက်ပြီးနောက်မြစ်ဖျားကျေးရွာကို ဝင်ရောက်ပစ်ခတ်မီးရှို့ခဲ့ခြင်းလည်းဖြစ်သည်။

“ပေါက်မှာ ဖြစ်သွာတဲ့ကိစ္စနဲ့ဆက်စပ်တယ်၊ ပေါက်မြို့နယ် အရှေ့ခြမ်းကရွာတွေ မနေ့က ပုဇင်းသုံးပြီး စီနင်းခံနေရတာ၊ အဲဒီနေရာဝန်းကျင်မှာ မြစ်ဖျားရွာ ရှိနေတာ။ ပေါက်အရှေ့ပိုင်းနဲ့ ပခုက္ကူ အနောက်ပိုင်းအစပ်တွေမှာ အင်အားသုံးပြီး စစ်ကြောင်းထိုးနေတာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်လက် နက် ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုမည့် ကုန်ကြမ်းများ တင်ဆောင်လာသည့် တွဲကား ၃ စီးကို ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့များက ဧပြီလ ၆ ရက်နေ့တွင် ဖမ်းဆီးလိုက်ပြီး ဖမ်းမိသော စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၇ ဦးလည်း သေဆုံးသွားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article