ရန်ကုန်၊ ဧပြီ ၁၁
မကွေးတိုင်း မင်းဘူးမြို့တွင် နေထိုင်သူ အသက် ၁၉ နှစ်အရွယ် မောင်အောင်ပြည့်စုံသည် ဧပြီလ ၁၀ ရက်နေ့တွင် သူငယ်ချင်းဖြစ်သူ မိန်းကလေး ၂ ဦးနှင့်အတူ မကွေးမြို့သို့ သွားရောက်လည်ပတ်စဉ် ဆိုင်ကယ်ကို ၃ ဦးစီးသည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးခံလိုက်ပြီးနောက် နာရီပိုင်းအကြာတွင် မောင်အောင်ပြည့်စုံ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
“မနေ့က မင်းဘူးက ၁၀ တန်း ဖြေပြီးကာစ မောင်အောင်ပြည့်စုံဆိုတဲ့ ကလေး။ မကွေးမြို့ပေါ်ကို သူငယ်ချင်း မိန်းကလေးနှစ်ယောက်နဲ့ သွားလည်တာ ။ ဆိုင်ကယ် ၃ယောက်စီးလို့ စစ်တပ်က ဖမ်းတယ်။ နာရီပိုင်း လောက်ကြာတော့ အောင်ပြည့်စုံ သေသွားပြီပြောတယ်။ မိန်းကလေး ၂ ဦးကိုတော့ ပြန်လွှတ်ပေးတယ်။ အောင်ပြည့်စုံ အလောင်းခုထိပြန်မပေးသေးပါ။ ဟိုမှာပဲ သဂြိုလ်ခိုင်းနေတယ်တဲ့” ဟု ဒေသခံတစ်ဦးက ရန်ကုခေတ်သစ်သို့ ပြောကြားသည်။
မောင်အောင်ပြည့်စုံ သေဆုံးမှုမှာ ဖမ်းဆီးခံရပြီးသေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ပြီး အလောင်းပြန်လည် မရရှိသေးသည့်အတွက် မည်သည့်အတွက်ကြောင့် စစ်တပ်က ပစ်ခတ်သတ်ဖြတ်သည်ကို အတိအကျ မသိရှိရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။