ရန်ကုန်၊ ဧပြီ ၁၂
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၅၅ တပ်ရင်းစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၂ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ ရရှိခဲ့ကြောင်း သိရှိရသည်။
၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ ဗုံးသီး ၁၂ လုံး၊ MA အမျိုးအစား ရိုင်ဖယ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ပစ္စတို ၁ လက်နှင့် ဆက်သွယ်ရေးစက် ၁ လုံး အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများကို KNLA က သိမ်းဆည်းရရှိခဲ့သည်။
ခမရ ၃၅၅ တပ်ရင်း၏ ကင်းစခန်းတခုတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် ရှိနေကြောင်း သိရှိရပြီး စစ်သား ထိခိုက်သေဆုံးစာရင်းကို မသိရှိရသေးပေ။
အဆိုပါ ခမရ ၃၅၅ တပ်ရင်းစခန်းကို သိမ်းယူခြင်းမျိုး မဟုတ်ဘဲ ဝင်ရောက်ပစ်ခတ်ခြင်းသာ ဖြစ်ကြောင်း KNLA တင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
သင်္ဃန်းညီနောင်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၁၂ လက်အောက်ခံ ခမရ ၃၅၅၊ ခမရ ၃၅၆၊ ခမရ ၃၅၇ တပ်ရင်းများရှိပြီး ကော့ကရိတ်-သင်္ဃန်းညီနောင် ကားလမ်းဘေးတွင်လည်း ကတုတ်ကျင်းများရှိပြီး ပြည်သူ့စစ်များ ထိုင်လေ့ရှိကြောင်း၊ ယခု စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချနိုင်ကြောင်း သိရှိရသည်။
“ကရင်အဖွဲ့တွေ က အဲ့ကုန်းတွေကနေ တပ်ဘက်ထဲကို RPG တို့ ၆၀ မမ တို့နဲ့ လာလာ ပစ်ထည့်တတ်လို့ အခုနောက်ပိုင်း အဲ့ဘက် အခြမ်းမှာပါ စစ်ကတုတ် ရှေ့ကာကင်းကုန်းတွေ လုပ်ထားတာမျိုးပေါ့”ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ယင်းနောက် စစ်ကောင်စီ၏ သင်္ဃန်းညီနောင်ဗျူဟာ မှ လက်နက်ကြီးပစ်ကူများ အကြိမ် ၂၀ ထက်မနည်းပစ်ခတ်ခဲ့ကြောင်းနှင့် KNLA တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။