ဒဂုံမြို့သစ် မြောက်ပိုင်း၊ ပင်လုံခန်းမတွင် ကိုရီးယားစာမေးပွဲ ဖောင်ကြေးသွင်းရန် စောင့်ဆိုင်းနေသည့် လူငယ်များကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးမှု လူငယ် ၆၀ ဝန်းကျင်ခန့် ဖမ်းဆီးခံရ
ရန်ကုန်၊ မတ် ၂၃
ရန်ကုန်မြို့ ဒဂုံမြို့သစ် မြောက်ပိုင်းရှိ ပင်လုံခန်းမရှေ့တွင် ကိုရီးယား အရည်အ ချင်းစစ် စာမေးပွဲအတွက် ဖောင်ကြေးသွင်းရန် စောင့်ဆိုင်းနေသည့် လူငယ်များကို အကြမ်းဖက်စစ်သားများက စစ်ကားနှင့် ရောက်လာကာ ဆဲဆို၍ လူငယ် ၆၀ ဝန်းကျင်ခန့်ကို ဖမ်းဆီးသွားကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရှိရသည်။
မတ်လ ၂၃ ရက်နေ့ နံနက် ၆ နာရီခန့်အချိန်တွင် ပင်လုံခန်းမရှေ့တွင် စောင့်ဆိုင်းနေသည့် လူငယ်များကို နိုင်ငံခြား သွားချင်ကြလားဟု ရေရွတ် ဆဲဆိုကာ လိုက် လံ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
“ကလေးတွေအလုပ်အတွက် အစောကြီးတန်းစီနေချိန်မှာ စစ်ကားရောက်လာပြီး ဆွဲသွားတာပါ။ ကိုရီးယား အတွက် ဖောင်ဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေကြတာကို ဝင်ဖမ်းတာ”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဖမ်းဆီးခံရသည့် လူငယ်များကို မည်သည့်နေရာသို့ ဖမ်းဆီးသွားသည်ကို မသိရှိကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။
ဓာတ်ပုံ- ယခင်ရက် နံနက်အစောပိုင်း စာမေးပွဲကြေးသွင်း ရန်စောင့်ဆိုင်း နေသည့် လူငယ်များ။